တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ ဇဝဲကျေးရွာနားက ဥယျာဉ်ခြံတခုမှာ သြဂုတ် ၁ ရက်နေ့၊ ညနေပိုင်းက ဇနီးမောင်နှံနှစ်ဦး လည်ပင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူ အသက် ၂၀ ကျော်အရွယ် ကိုတင့်နိုင်ဦးနဲ့ မမိုးတို့ဟာ ဇူလိုင် ၂၉ ရက်နေ့ကတည်းက ဥယျာဉ်ခြံလုပ်ကိုင်ဖို့အတွက် ထွက်သွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “ဥယျာဉ်ထွင်နေတဲ့ သူတို့ကို သူ့အဖေက စက်သံမကြားရတော့ လာကြည့်တာ တဲပေါ်မှာ နှစ်ဦးစလုံး လည်ပင်းမှာ ဓားဒဏ်ရာတွေနဲ့ သေနေတယ်” လို့ ပြောပါတယ်။
သူတို့ရုပ်အလောင်းတွေကို သြဂုတ် ၁ ရက်နေ့မှာတွေ့ရှိခဲ့ပြီး ရေကြီးနေတာကြောင့် သြဂုတ် ၃ရက်နေ့ ညနေပိုင်းမှာမှ သွားယူခဲ့ရပြီး ဖာနီရွာမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဇနီးမောင်နှံရဲ့ အသက် ၄ နှစ်အရွယ် ကလေးကိုတော့ အနီးအနားမှာ တွေ့ရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အခုလို သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဇဝဲအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၅၆ တပ်ရင်းမှာ မိသားစုဝင်တွေက အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။