မိန်းကလေး ၃ ဦး သေဆုံးစေခဲ့တဲ့ ဗြိတိန်၊ ဆောက်ပို့တ်မြို့ ဓားထိုးမှုတွေ ကျူးလွန်ခဲ့တဲ့ ၁၇ နှစ်အရွယ် အမျိုးသားကို ဇူလိုင် ၃၁ ရက်က လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ရွှေ့ပြောင်းအခြေချသူတွေအပေါ် ပြစ်တင်စွပ်စွဲမှုတွေနဲ့အတူ လန်ဒန်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
အင်္ဂလိပ်ပင်လယ်ကမ်းဘေးမြို့ကလေး ဆောက်ပို့တ်မှာ အသက် ၆ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေအတွက် ပြုလုပ်တဲ့ နွေအားလပ်ရက် တေလာဆွစ်ဖ် ယောဂနဲ့ အကသင်တန်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အဲဒီအမျိုးသားက ဓားနဲ့ဝင်ထိုးခဲ့တာ ဖြစ်ပါတယ်။
ကျူးလွန်သူဟာ အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် အမည်ရော၊ ဓာတ်ပုံပါ ရဲဘက်က မထုတ်ပြန်ပါဘူး။
ဒီလို မထုတ်ပြန်တဲ့အတွက်လည်း အခြေအနေ ပိုရှုပ်ထွေးခဲ့ပြီး ကျူးလွန်သူဟာ အစွန်းရောက် အစ္စလာမ္မစ် ရွှေ့ပြောင်းတဦး ဖြစ်တယ်ဆိုတဲ့ သတင်းမှားတွေ ပျံ့နှံ့လာခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက်မှာ လန်ဒန် ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်ရှေ့မှာ လူထောင်ချီ စုဝေးခဲ့ကြပြီး “ငါတို့ကလေးတွေကို ကယ်ပါ”၊ “ငါတို့တိုင်းပြည် ငါတို့ပြန်ပေး”၊ “ခိုးဝင်လှေတွေကို ဟန့်တားကြ” စတဲ့ ကြွေးကြော်သံတွေနဲ့ အင်္ဂလိပ်ဘောလုံးပွဲ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ဟာ ဆန္ဒပြစည်းကမ်းချက်တွေ ဖောက်ဖျက်မှု၊ အကြမ်းဖက် မငြိမ်မသက်အောင်လုပ်မှု၊ အရေးပေါ်ဝန်ထမ်းတဦးကို ထိခိုက်အောင် တိုက်ခိုက်မှုတွေနဲ့ လူ ၁၀၀ ကျော်ကို ထိန်းသိမ်းခဲ့ပါတယ်။
အသက် ၆ နှစ်ကနေ ၉ နှစ်ကြား မိန်းကလေး ၃ ဦး သေဆုံးခဲ့တဲ့ ဆောက်ပို့တ်မြို့မှာတော့ အခြေအနေ ပိုဆိုးရွားမလာအောင် ဝိုင်းဝန်းထိန်းသိမ်းနေကြပါတယ်။
ကျူးလွန်သူဟာ ဗြိတိန်မှာမွေးခဲ့သူ ဖြစ်တယ်လို့ ရဲက ထုတ်ပြန်ပေမဲ့ ဆန္ဒပြမှုတွေကိုတော့ မဟန့်တားနိုင်ခဲ့ပါဘူး။
လက်ယာစွန်း၊ အစ္စလာမ်ဆန့်ကျင်ရေး၊ ရွှေ့ပြောင်းဆန့်ကျင်ရေး အုပ်စုတွေဟာ ဆောက်ပို့တ်က ဗလီကို ပစ်မှတ်ထားခဲ့ကြပြီး ဟန့်တားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်တဲ့ အတွက် ရဲ ၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်သူအများစုဟာ ဒေသခံတွေမဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေနဲ့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရဲ ၈ ဦးဟာ ဆေးရုံမှာ ပြင်းထန်ဒဏ်ရာနဲ့ ကုသနေရပြီး ရဲခွေး ၃ ကောင်ပါ ထိခိုက်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် အမျိုးသား ၄ ဦးကို ဖမ်းဆီးထားပြီး တခြားပါဝင်သူတွေကိုလည်း ဖော်ထုတ်နေပါတယ်။
Source-Reuters