Home
မြန်မာသတင်း
စစ်ခေါင်းဆောင် လမ်းဆုံးရောက်ရန် သိပ်မကြာတော့ဟု KNU တုံ့ပြန် 
DVB
·
August 7, 2024

အကြမ်းဖက်တဲ့နည်းနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့်  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  (NCA) ကို ချိုးဖောက်တာ ဘယ်သူလဲဆိုတာ ပြောစရာ မလိုတော့ဘူးလို့  ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ် (EAO) တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို စစ်သင်တန်းနဲ့ လက်နက်တပ်ဆင်ပေးတာတွေကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာပြီး နိုင်ငံတော်ငြိမ်းချမ်းရေးပျက်ပြားရတယ်လို့ ဩဂုတ်  ၅ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးက “သူပြောတဲ့ထဲမှာ KNU က NCAကို စပြီးချိုးဖောက်တယ်ပြောတယ်။ ဒါကိုပြောရမယ်ဆိုရင် တကယ်ကို ပြောင်းပြန်ယူရမယ့် သဘောရှိတယ်။ NCA ရဲ့ ညွှန်းဆိုထားတဲ့ အဓိကနှစ်သာရက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့အခါမှာ အကြမ်းမဖက်တဲ့နည်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူက  အကြမ်းဖက်တဲ့နည်းနဲ့ စစ်အာဏာသိမ်းလိုက်တော့ NCA ကို ချိုးဖောက်တာ ဘယ်သူဆိုတာ ပြောစရာကိုမလိုတော့တာ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း KNU အနေနဲ့ တပ်မဟာ ၁၊ ၃၊ ၅ သုံးခု ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းမှာ တိုက်ကွက်တွေ ဖော်ဆောင်နိုင်ဖို့ လက်ရှိ KNU ဥက္ကဋ္ဌ နဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

တိုက်ကွက်ဖော်တာက တပ်မဟာက သူ့ရည်ရွယ်ချက်နဲ့သူရှိပြီး စစ်တောင်းမြစ်ဝှမ်းတခုလုံးကို ပြန်ပြီတော့ ထိုးစစ်ဆင်မယ်လို့ သီးသန်းခွဲထုတ်ပြီးပြောလာတာဟာ သူတို့ (စစ်ကောင်စီ) လုပ်နေကျ ကျနော်တို့အဖွဲ့အစည်းကို ထိုးခွဲတာလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

“တပ်မဟာ ၁၊ ၃၊  ၅ ဆိုပြီး စစ်တောင်းမြစ်ဝှမ်းတခုလုံးကိုပြန်ပြီးတော့ ထိုးစစ်ဆင်မယ်၊ စစ်တွေဖော်တော့မယ် ပြောသွားတာ။ အဲလို သီးသန့်ခွဲထုတ်ပြီး  ပြောလာတာဟာ သူတို့လုပ်နေကျ ကျနော်တို့အဖွဲ့အစည်းကို ထိုးခွဲတာလို့ နားလည်တယ်။ တိုက်ကွက်ဖော်တာက သူ့ရည်ရွယ်ချက်နဲ့သူရှိပြီး ဒီအခြေအနေမျိုးမှာ စစ်တိုင်းတွေ ဆုံးရှုံးနေတာ သူ လမ်းဆုံးရောက်ဖို့ သိပ်မကြာတော့ဘူးလို့ ပြောချင်တယ်။”

တပ်မဟာ ၅ နယ်မြေ ဖာပွန်မူတြော်ခရိုင်အတွင်းက ဖာပွန်မြို့နဲ့ တပ်ရင်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက အပြီးတိုင်သိမ်းပိုက်ပြီး ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် ကျန်ရှိနေသေးတဲ့ တပ်ရင်းနဲ့ စစ်ဗျူဟာကို ဆက်လိုက်ဝိုင်းရံ ပိတ်ဆို့ထားပါတယ်။ 

စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်၊ တပ်ရင်းတပ်စခန်းတွေကို လက်လွှတ်လိုက်ရတာတွေကြောင့် စစ်ခေါင်းဆောင်ပြောတဲ့စကားတွေဟာ စွပ်စွဲပြောဆိုတဲ့ စကားတွေလို့  တပ်မဟာ ၅  (ပြောခွင့်ရ) ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“သူပြောတဲ့စကားတွေ သူပြောတဲ့ဟာတွေက သူ့တပ် အထိအခိုက် အကျအဆုံး များပြီတော့မှ တပ်စခန်းတွေ အများကြီး သိမ်းဆည်းခံရတဲ့အပေါ်မှာ သူ့စိတ်က ကယောင်ချောက်ချား ဖြစ်ပြီးတော့  ဟိုလူ့စွပ်စွဲ ဒီလူ့စွပ်စွဲပြောတဲ့ စကားမျိုးဖြစ်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်။”

ဒါ့အပြင် တပ်မဟာ ၁ နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ဝင်းတာပန်၊ လေးကေစခန်းနဲ့ တပ်ရင်း တပ်စခန်းတွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်ကာ ဝိုင်းရံပိတ်ဆို့ထားပါတယ်။

စစ်ခေါင်းဆောင်ပြောဆိုနေတဲ့ တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အရင်ကလည်းလုပ်ခဲ့သလို အခုလည်း လုပ်ဆောင်နေပြီး တော်လှန်ရေးမပြီးမချင်း ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ တပ်မဟာ ၁  အတွင်းရေးမှူး  စောအေးနိုင်က ပြောပါတယ်။

“ကျနော်တို့ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၅ ကျတော့  တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လုပ်နေကျအလုပ်ကတော့ စစ်ရေးဖော်ဆောင်တဲ့ ကိစ္စက အရင်ကလည်း လုပ်တယ်၊ အခုလည်းလုပ်တယ်။ ကျနော်တို့ တော်လှန်ရေးမပြီးမချင်း  ဆက်လက်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ သူကတော့ အရူးမီးဝိုင်းပြီဆိုတော့  သူပြောချင်ရာ လျှောက်ပြောနေတာ။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ အားလုံးလိုလိုမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO၊ PDF ပူးပေါင်းစစ်ကြောင်းတွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်တာလုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၄ ခု ဇွန်အထိ ဒေသခံပြည်သူ ၁၂ သိန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့  KNU က ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013