Home
ဆောင်းပါး
ဆက်တိုက်စစ်ရှုံးနေတဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေကိုပါ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ
DVB
·
August 14, 2024

မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မထင်ထားလောက်တဲ့ အောင်မြင်မှုတွေနဲ့ အဓိက လက်နက်ကိုင်အဖွဲ့အစည်းတွေကြား နယ်မြေစိုးမိုးမှု ပြောင်းလဲလာ‌တာတွေက တရုတ် အပါအဝင် အမေရိကန်၊ ထိုင်းနဲ့ ဂျပန် စတဲ့နိုင်ငံတွေအပေါ် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ရပ်တည်ချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ၆ လသက်တမ်း မကုန်ဆုံးခင်ကတည်းက ခေါင်းဆောင်မှုအခန်းကဏ္ဍ ပြောင်းလဲဖို့နဲ့ ကာလရှည်ကြာ ကတိပေးထားခဲ့တဲ့ ရွေးကောက်ပွဲတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပေါ် ဖိအားတွေ ပြင်းထန်နေခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်နိုင်ခြေနဲ့ ပတ်သက်ပြီးလည်း ထင်ကြေးပေးမှုတွေ များပြားလာနေပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်က ထုတ်ဖော်ပြောကြားထားခြင်း မရှိတဲ့ နေရာတခုမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထိပ်တန်းအရာရှိတွေက နှစ်ကြိမ်ထက်မနည်း လာရောက်တွေ့ဆုံပြီး နောက်ပိုင်းမှာ အခုလို ထင်ကြေးပေးမှုတွေ ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းအစိုးရအပေါ် ဆက်လက်ထောက်ခံပေးဖို့ တဖြည်းဖြည်း တွန့်ဆုတ်လာတဲ့ တရုတ်နိုင်ငံအနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရွေးကောက်ပွဲတွေ အမြန်‌ဆုံးကျင်းပဖို့ မကြာသေးမီက ပိုမိုဖိအားပေးလာခဲ့ပြီး အခြေအနေတွေ ထိန်းသိမ်းနိုင်မယ့် ကြားဖြတ် ခေါင်းဆောင်တဦးဦးကို နေရာပေးဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆွေးနွေးပွဲတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။ ပေကျင်းအစိုးရကတော့ တရုတ်နိုင်ငံနဲ့ နယ်မြေထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ အဓိကမြို့တွေ သိမ်းပိုက်ခံရမှုနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်တဲ့ အရိပ်အယောင်တွေ ပြသနေပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ တရုတ်အနေနဲ့ တိုင်းရင်းသား မဟာမိတ် ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းမှုပြုလုပ်လျက်ရှိပါတယ်။ သို့သော်လည်း မြောက်ပိုင်းမှာ စစ်ကောင်စီကို အဓိကချေမှုန်းနေတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကတော့ အပစ်အခတ်ရပ်စဲဖို့ကို ဆန့်ကျင်ပြီး ဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အလွန်မှာတော့ MNDAA ဟာ ရှမ်းပြည်မြောက်ပိုင်းရဲ့ အဓိကအုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ လားရှိုးမြို့နဲ့ စစ်ကောင်စီရဲ့ ဗျူဟာမြောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့တော့ အထက်ပါသတင်းတွေကို ငြင်းဆိုလျက်ရှိပြီး လားရှိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြခဲ့ပေမဲ့ MNDAA ကတော့ တနင်္လာနေ့မှာ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းရယူလိုက်ကြောင်း ကြေညာခဲ့ပြီး သမိုင်းဝင်အောင်ပွဲတခုအဖြစ် ကြွေးကြော်ခဲ့ပါတယ်။

လတ်တလော မြောက်ပိုင်းအခြေအနေမှာ ထူးခြားချက်တခုကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ အင်အားအကောင်းဆုံးစာရင်းဝင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့ ပဋိပက္ခတွေကြားကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းမှု မဖြစ်ပွားခင်ကတည်းက ရှမ်းပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုကို ရရှိထားပြီး စစ်အင်အား အနည်းဆုံး ၃၀,၀၀၀ ကျော်ရှိတဲ့ ဝအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က လားရှိုးမြို့ကို ဝင်ရောက်လာတဲ့အပြင် ရှမ်းပြည်မြောက်ပိုင်းက အနည်း‌ဆုံး မြို့လေးမြို့ရဲ့ နယ်မြေတည်ငြိမ်ရေး ကဏ္ဍတွေမှာလည်း ပါဝင်ပတ်သက်နေတဲ့ အရိပ်အယောင် မြင်တွေ့ရပါတယ်။

UWSA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ တပ်ဖွဲ့ဝင်တွေဟာ လားရှိုးမြို့ထဲမှာရှိတဲ့ အဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ဝင်ရောက်ရတာဖြစ်တယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဖြစ်နေတဲ့ နှစ်ဖက်ရဲ့ ခွင့်ပြုချက်နဲ့ ငြိမ်းချမ်းစွာ ဝင်ရောက်လာတာဖြစ်ပြီး စစ်တိုက်နေကြတဲ့ အဖွဲ့အစည်းတွေအပေါ် ဝင်ရောက်စွက်ဖက်တာ၊ ပူးပေါင်းကူညီတာနဲ့ ထောက်ပံ့တာတွေ လုံးဝပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

သို့သော် ဝတပ်ဖွဲ့ဟာ အထက်ပါကိစ္စတွေကို ပေကျင်းအစိုးရရဲ့ သဘောထားအတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။ UWSA အနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ “ကြားနေရေးမူဝါဒ” ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြေ ရှိသော်လည်း စစ်ကောင်စီ အပါအဝင် စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ တိတ်တဆိတ် ဆက်သွယ်နေပြီး ရှမ်းပြည်မြောက်ပိုင်းမှာ သူတို့ရဲ့ နယ်မြေထိန်းသိမ်းမှုနဲ့ ဩဇာလွှမ်းမိုးမှုတို့ကို ချဲ့ထွင်နိုင်မယ့် အခွင့်အလမ်းတွေကို အမြင့်ဆုံးဖြစ်အောင် ဖန်တီးနေတယ်လို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆန်‌တာဝါက ပြောကြားခဲ့ပါတယ်။ သူက “တရုတ်အနေနဲ့ အခုအခါမှာ နောက်တကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ပြင်‌ဆင်နေတာကြောင့် ဒီပဋိပက္ခမှာ UWSA အနေနဲ့ အမြတ်အထွက်ဆုံးဆိုတာ ပေါ်လွင်နေပြီး သေနတ်တချက်မှ မပစ်လိုက်ရဘဲ ထိန်းချုပ်နယ်မြေတွေ ထပ်မံရရှိသွားတယ်” လို့ နစ်ကီအေးရှား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့ နိုင်ငံအတွင်းမှာ ‘ဝ’ အနေနဲ့ နယ်မြေတည်ငြိမ်မှုကို ထိန်းသိမ်းမယ့် အင်အားစုအဖြစ် ရပ်တည်နိုင်ဖို့ တရုတ်ကို တောင်းဆိုထားပြီး ရန်ကုန်အခြေစိုက် သံတမန်တဦးကတော့ “နယ်စပ်ကုန်သွယ်မှုကို ပြန်လည်ဖွင့်လှစ်ပြီး စစ်မက်ဖြစ်ပွားမှုကို ဟန့်တားနိုင်ဖို့ အဖိုးအခအဖြစ် ရှမ်းမြောက်တခွင်ကို ထိန်းချုပ်ခွင့်ပေးရတာဟာ တန်လွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး လူဦးရေ ၃ သန်းကျော် အိုးမဲ့အိမ်မဲ့အဖြစ် စစ်ဘေးတိမ်းရှောင်နေရတဲ့အပြင် စစ်ကောင်စီ အနေနဲ့လည်း အနည်းဆုံး နယ်မြေစုစုပေါင်းရဲ့ သုံးပုံတပုံကို ဆုံးရှုံးထားတယ်လို့ အမေရိကန်က‌ ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လတ်တလော အောင်မြင်မှုတွေမှာ လားရှိုးမြို့အပြင် မန္တလေးမြို့အနီးက ပတ္တမြားထွက်ရှိရာ‌ မိုးကုတ်မြို့၊ ရခိုင်ပြည်နယ် အနောက်ခြမ်းက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ သံတွဲမြို့၊ ကချင်ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ချင်းပြည်နယ်အတွင်းက မြို့တွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့အတော်များများကို သိမ်းပိုက်နိုင်ခဲ့မှုတွေ ပါဝင်ပါတယ်။

မကြာသေးမီက လာအိုနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအပေါ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝမ်က “မြန်မာစစ်တပ်ကို ပေးပို့ချင်တဲ့ သတင်းစကားကတော့ အခုအခြေအနေဟာ သင်တို့နဲ့ အပေါင်းအပါတွေအတွက် မျှော်လင့်ချက် မရှိနိုင်တော့ဘူး ဆိုတာပဲ” လို့ ပြောကြားခဲ့ပါတယ်။

တရားဝင်ထုတ်ပြန်မှုတွေ မတိုင်ခင်ကတည်းက အဓိက အိမ်နီးချင်းနိုင်ငံတွေရဲ့ လှုပ်ရှားမှုတွေဟာ စစ်ကောင်စီအပေါ် သူတို့ရဲ့စိတ်ပျက်မှုတွေ ထင်ဟပ်နေပြီး တရုတ်နဲ့ ထိုင်းတို့လို ဘေးချင်းကပ်နိုင်ငံတွေကတော့ မြန်မာနိုင်ငံအခြေအနေကနေ သူတို့အပေါ် ဆိုးကျိုးတွေ သက်ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။

ပေကျင်းအစိုးရကတော့ အခုအခြေအနေအတွက် အလားအလာရှိတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ဖို့ မြန်မာနိုင်ငံက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို စကားဝိုင်းတွေမှာ ဖိတ်ကြားပြီး အလုပ်ရှုပ်လျက် ရှိပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ အထိ အရပ်သားတပိုင်း စစ်တပိုင်းအစိုးရအဖြစ် ခေါင်းဆောင်အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဟာ ဇွန်လနှောင်းပိုင်းမှာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ထပ် ၁၀ ရက်အကြာမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း ထပ်မံသွားရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အပါအဝင် အခြားထိပ်တန်းအရာရှိတွေက ဦးသိန်းစိန်ကို ကြားကာလခေါင်းဆောင်အဖြစ် ဝင်ရောက်ဦးဆောင်တာ ဒါမှမဟုတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရာထူးကနုတ်ထွက်ပေးပြီး ရွေးကောက်ပွဲကျင်းပပေးဖို့ စည်းရုံးတာတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ကြောင်း သံတမန်ရေးရာ သတင်းရင်းမြစ်တွေက အတည်ပြုခဲ့ပါတယ်။ နောက်ပိုင်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်း ပါဝင်တဲ့ အစည်းအဝေးတွေမှာလည်း တရုတ်ထိပ်ပိုင်းအရာရှိတွေက ၂၀၂၅ နှစ်လယ်မတိုင်ခင် ရွေးကောက်ပွဲကို အပြီးသတ်ကျင်းပဖို့နဲ့ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းဖို့ အကြုံပြုခဲ့တယ်လို့ သတင်းရင်းမြစ်တွေအရသိရပါတယ်။

ဒါ့အပြင် တရုတ်ထိပ်ပိုင်းအရာရှိတွေက စစ်ကောင်စီအနေနဲ့ ရှမ်းပြည်နယ်အတွင်းက တရုတ်နဲ့မကင်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခဖြစ်ပွားမှုမှာ အလျှော့ပေးဖို့လည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ဖိအားတွေ မြင့်တက်လာတာနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံရေးပါတီ ၄ ခုရဲ့ ခေါင်းဆောင်တွေကို လက်ခံတွေ့‌ဆုံခဲ့ပါတယ်။

အထက်ပါတွေ့ဆုံပွဲမှာ စစ်ကောင်စီကို ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီ၊ ရှမ်းနဲ့ ရခိုင် တိုင်းရင်းသားပါတီနှစ်ခုတို့ ပါဝင်ခဲ့ပြီး သူတို့ကိုယ်စားလှယ်အဖွဲ့ဟာ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲတို့ကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွေမှာ တရုတ်ထပ်သီးအရာရှိတွေက နယ်စပ်ဒေသတလျှောက် အပါအဝင် ပြည်တွင်းက တခြားဒေသတွေမှာ တည်ငြိမ်အေး‌ချမ်းဖို့ကို အလေးပေး ပြောကြားခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ဦးကိုကိုကြီးက နစ်ကီအေးရှား သတင်းဌာနကို ပြောကြားခဲ့ပြီး “ရွေးကောက်ပွဲအစီအစဉ်ဟာ ရှေ့ဆက်နိုင်မယ့် နိုင်ငံရေးနည်းလမ်းတွေထဲက တခုဖြစ်တယ်” လို့ သူကဆိုပါတယ်။

အရင်က အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ဟောင်း ဦးလှဆွေကတော့ တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်တင်မြှောက်မယ့် အစိုးရသစ်ကို အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ နစ်ကီအေးရှား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရခိုင့်ဦးဆောင်ပါတီရဲ့ ကိုယ်စားလှယ် ဦးအေးမောင်ကလည်း တရုတ်အနေနဲ့ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်နဲ့ စေ့စပ်ညှိနှိုင်းပြီး နယ်မြေတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ ကူညီသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂,၄၀၀ ခန့် နယ်နိမိတ် ထိစပ်နေတဲ့ ထိုင်းနိုင်ငံကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်စပ်ပြည်နယ်တွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဟန်ချက်ညီအောင် သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူတို့နိုင်ငံအတွင်း စစ်ဘေးရှောင်ဝင်ရောက်မှုတွေ တိုးပွားလာတာနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်နေတဲ့ လူငယ်တွေ ပိုမိုဝင်ရောက်လာတာတွေ အပေါ်မှာတော့ စိုးရိမ်ပူပန်နေတဲ့ အရိပ်အယောင်တွေ မြင်တွေ့ရပါတယ်။

ပညာရှင်တွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ထိုင်း အစုအဖွဲ့တွေကတော့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို ကြီးကြပ်ကူညီဖို့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ စင်တာတခုဖွင့်လှစ်ဖို့ စီစဉ်နေကြပါတယ်။ SHADE လို့ အမည်ပေးထားတဲ့ အဆိုပါစင်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ ဒေသတွေအပြင် မြန်မာနိုင်ငံအတွင်းက အခြားနေရာတွေကိုပါ အကူအညီပေးဖို့ ရည်ရွယ်ထားပြီး အကူအညီအားလုံးကို စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတဲ့ တရားဝင်မူဝါဒကနေ ကွဲထွက်နေတဲ့ အရိပ်အယောင်တွေ ပြသနေပါတယ်။

ဂျပန်နိုင်ငံအနေနဲ့လည်း စစ်ကောင်စီနဲ့ပတ်သက်တဲ့ ခြေလှမ်းတွေကို တဖြည်းဖြည်း နောက်ဆုတ်လာနေပါတယ်။ ဂျပန်နိုင်ငံဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားတဲ့ နိုင်ငံအနည်းငယ်ထဲက တခုအပါအဝင်ဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုက်နာခြင်းမရှိဘဲ ရန်ကုန်မြို့အနီးမှာရှိတဲ့ တံတားတစင်း တည်ဆောက်ပေးတာ၊ ရထားသံလမ်းတွေကို အဆင့်မြှင့်တင်တာတွေ အပါအဝင် အခြားဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ ဆက်လက်အကူအညီ ပေးနေခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း မကြာသေးမီက စစ်ကောင်စီအနေနဲ့ ရန်ကုန်မြို့မှာ ဂျပန်စူပါမားကတ် အမှုဆောင်တဦးကို တရားဝင် သတ်မှတ်ထားတဲ့ ဆန်ဈေးထက် တိုးမြှင့်ရောင်းချတယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တဖြည်းဖြည်း ယိုယွင်းလာပြီး ဂျပန်နိုင်ငံရဲ့ အကူအညီ‌တွေလည်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် ဂျပန်ကုမ္ပဏီတွေက အမှုဆောင်အရာရှိတချို့ကိုလည်း နိုင်ငံအတွင်းက ယာယီထွက်ခွာဖို့ သူတို့ရုံးချုပ်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တခြား ဂျပန်အမှုဆောင်တယောက်ကတော့ “စစ်ကောင်စီဟာ ဂျပန်လို နိုင်ငံခြားသားတွေ အပေါ်မှာတောင် အလျှော့မပေးဘဲ ဖိနှိပ်နေတာကြောင့် သူတို့လို ပြည်ပက လာရောက်နေထိုင်သူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်အနေနဲ့တော့ မြန်မာနိုင်ငံအပေါ် ကနဦး ပိတ်ဆို့အရေးယူထားမှုတွေ ဆက်လက်တည်ရှိနေပေမဲ့လည်း နောက်ပိုင်းမှာ စေ့စပ်ဆွေးနွေးမှုတွေကို တဖြည်းဖြည်း လုပ်ဆောင်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလကတည်းက အနည်းဆုံး ၂ ကြိမ်ကနေ ၅ ကြိမ်အထိ ပြုလုပ်လာခဲ့တဲ့ အမေရိကန်နဲ့ စစ်ကောင်စီ တာဝန်ရှိသူအဆင့်ဆင့် ပါဝင်တဲ့ အစည်းအဝေးတွေမှာ ဝါရှင်တန်အစိုးရဟာ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားဖို့ ဖိအားပေးခဲ့တယ်လို့ သံတမန်ရေးရာ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဒါပေမဲ့ အမေရိကန် အကြီးတန်း သံတမန်တဦးကတော့ အစည်းအဝေးတွေ နောက်ကွယ်မှာ လျှို့ဝှက်စွာ ပြန်လည်စေ့စပ်ညှိနှိုင်းဖို့နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်နဲ့မကင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အင်အားကြီးမားလာမှုကို ဝါရှင်တန်က စိုးရိမ်လျက်ရှိပြီး “အလားတူ စိုးရိမ်မှုတွေဟာ စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ကို လက်လွှတ်လိုက်ရပြီး နောက်ပိုင်းမှာ ပိုမိုမြင့်တက်လာတယ်” လို့ အဆိုပါသံတမန်က ပြောကြားခဲ့ပါတယ်။

သူရိန်သွေး

Nikkei Asia သတင်းဌာနတွင် ဖော်ပြထားသော “China and neighbors pressure Myanmar as regime reels from battle losses” သတင်းဆောင်းပါးကို ဘာသာပြန်တင်ဆက်သည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024