Home
မြန်မာသတင်း
ဒေါ်လာဈေး အမေရိကန် ၁ ဒေါ်လာကို ကျပ် ၆,၂၀၀ အထိမြင့်တက်
DVB
·
August 12, 2024

စစ်ကောင်စီ ဗဟိုဘဏ်က အခုရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ‌အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနဲ့ ထိုင်းဘတ် ၁၀ သန်းတို့ကို ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ရောင်းချပေးမယ့် အဲဒီနိုင်ငံခြားငွေတွေက စက်သုံးဆီ၊ စားသုံးဆီနဲ့ တခြား အရေးကြီးကုန်စည်တွေ ဝယ်ယူတင်သွင်းဖို့အတွက်ဖြစ်ပြီး FX Trading Platform ကတဆင့် ရောင်းချပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ စစ်ကောင်စီ ဗဟိုဘဏ်က အခု ဩဂုတ်လအတွင်း ဒုတိယအကြိမ်အဖြစ် နိုင်ငံခြားငွေ ရောင်းချပေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်က အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ တရုတ်ယွမ် ၅ သန်းတို့ကို စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆေးဝါးကဏ္ဍတွေအတွက် တကြိမ် ထုတ်ရောင်းချပေးခဲ့ပါတယ်။

ဗဟိုဘဏ်က အခုလို နိုင်ငံခြားငွေတွေ ထုတ်ရောင်းချပေးနေပေမဲ့ ပြင်ပဈေးကွက်ထဲမှာတော့ အမေရိကန်တဒေါ်လာကို ကျပ် ၆,၂၀၀၊ ထိုင်းတဘတ်ကို ၁၇၂ ကျပ်၊ တရုတ်ယွမ်‌ငွေက ၈၄၆ ကျပ်ထိ စံချိန်တင် မြင့်တက်နေပါတယ်။

သီတင်းတပတ်အတွင်း အမေရိကန်ဒေါ်လာက တဒေါ်လာကို ကျပ် ၈၀၀ ကျော်၊ ထိုင်းတဘတ်က ၂၄ ကျပ်၊ တရုတ်ယွမ်က ကျပ် ၁၁၀ ကျော်ထိ မြင့်တက်လာတာ တွေ့ရပါတယ်။

ကျပ်ငွေတန်ဖိုး ထိုးကျပြီး နိုင်ငံခြား‌ငွေဈေးတွေ ထိုးတက်နေတာကို မထိန်းချုပ်နိုင်တော့တဲ့ စစ်ကောင်စီကတော့ ဒေါ်လာဈေး မြင့်တက်ရတာက မသမာသူတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ဈေးကစားမှုတွေကြောင့် ဖြစ်တယ်လို့ စွပ်စွဲထားပြီး တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချသူတွေ၊ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေအပြင် အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ အမှန်မဟုတ်တဲ့ နိုင်ငံခြားငွေဈေးနှုန်း တင်သူတွေကိုပါ ဖော်ထုတ် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

ဒေါ်လာနဲ့ လုပ်ငန်းလုပ်ကိုင်နေသူတဦးက “သူတို့သတ်မှတ်တဲ့ ဈေးတွေကမှ ဈေးကွက်ထဲ တကယ် အရောင်းအဝယ်မဖြစ်တဲ့ ဈေးတွေဗျ၊ လိုင်းပေါ်က ဈေးတွေကမှ အပြင်ပေါက်ဈေးနဲ့ နီးစပ်သေးတယ်။ ဒါတောင် ရောင်းတဲ့သူ သိပ်မရှိဘူး၊ ဝယ်ရတာ ခက်ပါတယ်” လို့ ‌ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က အွန်လိုင်းပေါ်က ငွေလဲနှုန်းတွေကို မယုံကြည်ဖို့ ပြောပေမဲ့ ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ် သတ်မှတ်ပေးထားတဲ့ AD လိုင်စင်ရ ဘဏ်တွေရဲ့ ပေါက်ဈေးက‌ ကွာဟချက် များနေပါတယ်။

ပြင်ပပေါက်ဈေး တဒေါ်လာကို ၆,၀၀၀ ကျော်နေချိန်မှာ AD လိုင်စင်ရဘဏ်တွေရဲ့ ဒီကနေ့ ဒေါ်လာဈေးက တဒေါ်လာကို ကျပ် ၃,၃၈၈ ဝယ်ဈေး သတ်မှတ်ထားပြီး ရောင်ဈေးကို ၃,၃၉၈ ကျပ် သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ အဲဒီဈေးနှုန်းက လူတိုင်းဝယ်ယူခွင့်ရတဲ့ ဈေးနှုန်းမဟုတ်ဘဲ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့်လူတွေ၊ ဆေးကုသဖို့ သွားရောက်သူတွေနဲ့ ပညာသင် သွားရောက်သူတွေကို အသေးသုံး နိုင်ငံခြားငွေအဖြစ် ရောင်းပေးတဲ့နှုန်းထားဖြစ်ပြီး ဝယ်ယူတဲ့အခါမှာလည်း သတ်မှတ်ပမာဏအတွင်းသာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013