မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းတက်နေတဲ့ ဝန်ထမ်းအများစုက နေရပ်ကို ပြန်လိုပေမဲ့ စစ်ကောင်စီက ခွင့်မပြုလို့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ပြင်ဦးလွင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပါက Non CDM ဝန်ထမ်းအများစုရှိရာ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ စစ်ရေးပစ်မှတ် ဖြစ်လာမှာကို ကြိုသိလို့ နေအိမ်ပြန်ခွင့်ပေးဖို့ ကျောင်းတာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနတွေကို တင်ပြခဲ့ပေမဲ့ ပြန်မလွှတ်သေးဘူးလို့ မိဘတဦးက DVB ကို ပြောပါတယ်။
“မပြန်ခိုင်းလို့နေမယ်ဆိုရင် တကယ်တိုက်ပွဲတွေ ဖြစ်လာလို့ သေသွားရင် ဘယ်သူ တာဝန်ယူမှာလဲ၊ တက္ကသိုလ်ကလား၊ စစ်တပ်ကလား။ ကြားထဲက ဝန်ထမ်းတွေကို စစ်တပ်က ဓားစာခံလုပ်နေသလို ဖြစ်နေတယ်။”
ပြင်ဦးလွင် အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်း မရှိကြဖို့နဲ့ အထက်အကြီးအကဲတွေဆီ တင်ပြထားတယ်လို့ ပါမောက္ခချုပ်က သင်တန်းသားတွေကို ပြောဆိုပေမဲ့ သူ့မိသားစုဝင်တွေကိုတော့ နေပြည်တော်ကို ပြောင်းရွှေ့ထားတယ်လို့ သင်တန်းသားတဦးက DVB ကို ပြောပါတယ်။
“ကျောင်းက သင်တန်းနည်းပြတွေကိုယ်တိုင် အဆင်မပြေရင် ပြေးဖို့ပြောတယ်။ အထုပ်တွေ ကြိုထုပ်ထားဖို့ ပါမောက္ခချုပ်က စိတ်မပူဖို့ ပြောပေမဲ့ သူ့မိသားစုဝင်တွေကို နေပြည်တော် ပို့ထားတယ်၊ တကယ်ဖြစ်ရင် ကိုယ်တွေထက် သူတို့ကအရင်ပြေးမှာ။”
စစ်ခေါင်းဆောင်က ပြင်ဦးလွင်တပ်နယ် တပ်မိသားစုဝင်တွေနဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ရဲမိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာမိသားစုဝင်တွေဟာ သြဂုတ်လ ၇ ရက်ကစကာ ဘေးလွတ်ရာမြို့တွေကို ပို့ဆောင်ခဲ့ပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးမှာ မန္တလေး PDF အဖွဲ့က သပိတ်ကျင်းခရိုင်ထဲက မိုးကုတ်နဲ့ စဉ့်ကူးမြို့ အပါအဝင် တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အောင်မြေသာစံခရိုင်ထဲက မတ္တရာမြို့ရဲ့ နယ်မြေတချို့ကို ရရှိထားပါတယ်။