နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် ကို ရမည်းသင်းအကျဥ်းထောင်ကနေ ပြန်မလွှတ်ပေးသေးဘူးလို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒုရဲအုပ် ချယ်ရီထက် ဟာ မြင်းခြံထောင်မှာရှိနေကာ လွတ်ရက်စေ့ပြီး ပြန်မလွှတ်ပေးသေးပေမဲ့ မကြာခင်မှာ ပြန်လွှတ်ပေးမယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“အခုချိန်ထိ ထောင်ထဲမှာပဲ ပြန်လွှတ်တယ်ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ အမှန်ဆို ၁၉ ရက်နေ့ ပြန်လွှတ်မှာ၊ ပြည်ထဲရေးက အကျဥ်းဦးစီးဘက်ကို သဘောထားမှတ်ချက်တွေ တောင်းထားတယ်။ လျှော့ရက်နဲ့ဆို အဲဒီနေ့လွှတ်မှာ။”
မိသားစုဝင်တွေကတော့ ဒုရဲအုပ်ချယ်ရီထက်ကို သြဂုတ် ၉ ရက်မှာ လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးရမှာဖြစ်ပေမဲ့ ၁၁ ရက် ထပ်မံချုပ်နှောင်ထားတယ်လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ ဒုရဲအုပ်ချယ်ရီထက်ကို ဖမ်းဆီးပြီး ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်းက ရဲစည်းကမ်းထိန်းသိမ်းရေးဥ ပဒေ၊ပုဒ်မ ၅၀၅(က) အမှုဖွင့်ခဲ့တာပါ။
၂၀၂၂ ခု ဇန်နဝါရီလမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ်အမိန့်ချခဲ့ပြီး ၂၀၂၂ ခု မတ်လမှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့်အဖြစ် ဒုရဲအုပ်ချယ်ရီထက်ကို ၂၀၁၆ ခုမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနီးကပ်ဆုံးနေခဲ့ရသူတဦးဖြစ်တဲ့ ဒုရဲအုပ်ချယ်ရီထက်ဟာ ပြည်တွင်း၊ ပြည်ပခရီးစဉ်မှာလည်း သက်တော်စောင့်အဖြစ် လိုက်ခဲ့ရသူတဦးလည်း ဖြစ်ပါတယ်။