ရှမ်းမြောက်မှာ စစ်ပွဲရှုံးတိုင်း ဒင်းကြောင့် ရှုံးရတာပါလို့ တရုတ်ကို လက်ညှိုးငေါက်ငေါက် ထိုးချလိုက်ခြင်းဟာ ကိုယ့်မျက်နှာပေါ်ကျလာမယ့် မီးပွားကို ခါချလိုက်တဲ့ စစ်ရှုံးကာချုပ် မင်းအောင်လှိုင်ရဲ့ ကျွမ်းကျင်မှုပါပဲ။
ဘယ်ကြာလိမ့်ဦးမလဲ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး မကြာ၊ အံ့မခန်းအရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတုန်းကလည်း စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ရန်ကုန်မှာ ပြုလုပ်ခဲ့ဖူးတယ်။ ရက်စွဲအတိအကျပြောရရင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်။ ရန်ကုန်မြို့တော်ခန်းမနဲ့ တရုတ်သံရုံးရှေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အစောင့်အရှောက်တွေနဲ့ စစ်ကောင်စီ လမ်းဘေးစပီကာ အကြမ်းဖက်မျိုးချစ်တို့က လက်သီးလက်မောင်းတန်း၊ ညီနောင် ၃ ဖွဲ့နဲ့ PDF တို့ကို တရုတ်က လက်နက်ထောက်ပံ့နေတယ်လို့ စွပ်စွဲခဲ့ရုံမက ငါတို့သံဃာနဲ့ ပြည်သူတွေက တရုတ်ကို တိုက်ခိုက်မယ်လို့တောင် အသံကောင်း ဟစ်ခဲ့သေးတယ်။
အခုလည်း ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ ဒေါင်ဒေါင်မြည် ခံစစ်ပြင်ထားတယ်လို့ဆိုတဲ့ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုးကန့်တပ်မတော် MNDAA နဲ့ မဟာမိတ်တပ်တို့ရဲ့ ခြေဖဝါးအောက် ပြားပြားမှောက်ခဲ့ပြီးနောက် စစ်ရှုံးကာချုပ် မင်းအောင်လှိုင် ကိုယ်တိုင် ဒင်းကြောင့်ဖြစ်ရတာပါဆိုပြီး တရုတ်ကို လက်ညှိုးငေါက်ငေါက် ထိုးပြန်တယ်။
မင်းအောင်လှိုင်က အဲဒီလိုသာ လက်ညှိုးလျှောက်ထိုးနေတာ၊ ဩဂုတ် ၃ ရက်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သားများစွာ သောက်သောက်လဲ အသေခံနေရတဲ့အချိန် မင်းအောင်လှိုင် ဘာလုပ်နေသလဲ ကြည့်လိုက်တော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားတာကိုပဲ သူနဲ့မဆိုင်သလိုလို၊ မမှုသလို ပုံစံမျိုးနဲ့ နေပြည်တော် အမျိုးသားပြတိုက်နဲ့ မီးရထားစက်ခေါင်းစက်ရုံကို လှည့်လည်ကာ လိုအပ်သည်များကို ညွှန်ကြားနေတာ တွေ့ရတယ်။
ဩဂုတ် ၅ ရက်မှာတော့ စစ်ဝတ်စုံတကားကားနဲ့ စစ်ရှုံးကာချုပ် လူလုံးထွက်ပြ မိန့်ခွန်းပြော၊ ရှမ်းမြောက်မှာ စစ်ရှုံးနေတာ တရုတ်ပယောဂ မကင်းသလို ပြောကြား။ နောက်တရက် ဩဂုတ် ၆ ရက်ရောက်တော့ ရန်ကုန်နဲ့ နေပြည်တော်မှာ စစ်ကျွန်မျိုးချစ်တသိုက်က စစ်ကောင်စီရဲ့ စီစဉ်ပေးမှုအရ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်တော့တယ်။ အဲဒီဆန္ဒပြပွဲမှာ စစ်ကျွန်မျိုးချစ်တွေက ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တွေကို တရုတ်က နောက်ကွယ်ကနေ လက်နက်ခဲယမ်း ပံ့ပိုးပေးနေတယ်လို့ စွပ်စွဲခဲ့တယ်။
တရုတ်က နိုင်ငံရေးအရေထူပြီးသား။ စစ်ကျွန်တသိုက်က ဆန္ဒပြတာလောက်ကို ခေါင်းထဲထည့်မနေ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ၊ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် မကြာမီ လားရှိုးပါ ပွဲပြီးသွားနိုင်ကြောင်း တရုတ်က စစ်ကောင်စီကို ခပ်ပြတ်ပြတ် သတိပေးလိုက်ပုံရတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ ဘေဂျင်းသွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ခြေသလုံးဖက်ကာ ရှမ်းမြောက်စစ်ပွဲရပ်ရေး ဖိအားပေးဖို့ တောင်းပန်ခဲ့ရကြောင်း သတင်းတွေက ဖော်ပြခဲ့တယ်။
လားရှိုးမကျမီ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက် တရုတ်ဖိအားပေးမှုအရ ထွက်ပေါ်လာခဲ့တယ်။ အဲဒီအတွက် စစ်ကောင်စီ ပြန်ပေးခဲ့ရတာက မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တိုက်ဖျက်ရေး။
လောက်ကိုင် ကျားဖြန့်ခေါင်းဆောင်တွေလို့ တရုတ်ကသတ်မှတ်တဲ့ စစ်ကောင်စီဩဇာခံ ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင်တွေ ရှင်းလင်းခံရရုံတင်မက စစ်ကောင်စီခန့် ကိုးကန့်ခေါင်းဆောင် ပယ်ဆောက်ချိန်တို့တသိုက်ကို တရုတ်လက်သို့ အပ်ရတဲ့အထိ စစ်ကောင်စီ အညံ့ခံခဲ့ရတယ်။
အခု ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးဆိုတာက စစ်ကောင်စီရဲ့ ဘဝင်မြင့်မှုနဲ့ စိတ်မရှည်နိုင်မှုတို့အပေါ် အခြေတည်ခဲ့တာ တွေ့ရတယ်။ ဟိုင်ဂင်သဘောတူညီချက်ဆိုတာ ယာယီအပစ်ရပ်တာကလွဲလို့ ရှေ့တလှမ်းတိုးလို့မရမှန်း စစ်ကောင်စီ ကောင်းကောင်းသိတယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ရရေးနဲ့ MNDAA နဲ့ TNLA သိမ်းပိုက်ထားတဲ့ မြို့တွေ ပြန်ရရေးဆိုတာ ပြန်တိုက်ခိုက်နိုင်မှ ရမယ်လို့ စစ်ကောင်စီက ယုံကြည်တယ်။ ဒါ့ကြောင့် ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီက ရှမ်းမြောက်မှာ သူ့တပ်တွေကို ပြန်တည်ဆောက်ခဲ့တယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတဲ့အချိန်ရောက်တော့ TNLA ကို တဖက်သတ် တိုက်ခိုက် ရန်စတော့တယ်။
ဒါနဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း နေပြည်တော်ရောက်လာကာ ဟိုင်ဂင် သဘောတူညီချက်ကို မချိုးဖောက်ဖို့ လာဆွေးနွေးတယ်။ ဇွန် ၁၈ ရက်မှာ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ မင်းအောင်လှိုင်ကတော့ အတွေ့မခံခဲ့ဘူး။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာနဲ့ သေနတ်ကျည် စဖောက်ခဲ့တဲ့ စစ်ကောင်စီတပ် ဇွန် ၂၅ ရက်မှာ TNLA က စတိုက်ပြီး ရက်ပိုင်းအတွင်း အရှုံးကို ရင်ဝယ်ပိုက်ရပြန်တော့တယ်။ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးက နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ လားရှိုးမြို့တို့ကို သိမ်းပိုက်လိုက်တဲ့အပြင် ရှမ်းမန်းစစ်ဆင်ရေးကလည်း စဉ့်ကူးမြို့ကို သိမ်းပိုက်၊ ဩဂုတ် ၈ ရက်မှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း နေပြည်တော် ထပ်ရောက်လာပြန်တယ်။
ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတခန့်၊ အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်းတိုးပြီး ၃ ရက်အကြာမှာ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြားပြားမှောက်။ အဲဒီနောက် မင်းအောင်လှိုင် ကိုယ်တိုင်နဲ့ လက်ပါးစေတွေ တရုတ်ဆန့်ကျင်ရေးတွေပြောပြီး မကြာ တိန့်ရှီကျွင်း နေပြည်တော် ရောက်လာကာ မင်းအောင်လှိုင်နဲ့ တွေ့ခွင့်ရခဲ့ခြင်းဖြစ်တယ်။
တိန့်ရှီကျွင်းက မန္တလေး အကျခံမှာလား၊ ဘာဆက်လုပ်မှာလဲလို့ မင်းအောင်လှိုင်ကို တည့်တည့်လာမေးပုံပါပဲ။ တိန့်ရှီကျွင်းရဲ့ နောက်ဆက်တွဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော် လာမယ်ဆိုတော့ တရုတ်ဖြစ်ချင်နေတဲ့ လမ်းကြောင်းပေါ်ကို စစ်ကောင်စီ အယောင်ပြ တက်လာပုံရတယ်။
တရုတ်ဖြစ်ချင်နေတာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာပြီး ၂၀၀၈ အခြေခံဥပဒေအောက် ပြန်ဝင်ကာ ရွေးကောက်ပွဲကျင်းပရေး။ တရုတ်က ဂိုဏ်းစတားဉာဏ်ရည်လောက်ရှိတဲ့ မင်းအောင်လှိုင်ကို လက်မခံပေမဲ့ စစ်တပ်ပြိုကွဲသွားမှာကိုလည်း လုံးဝလက်မခံနိုင်။ တဖက်မှာလည်း NUG အစိုးရနဲ့ သူပြောသလိုမဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း လက်မခံ။ တရုတ်က သူဖြစ်ချင်သလို ပုံဖော်ဖို့ မြန်မာ့အရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်မြဲ။
ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမယ်လို့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေသလို ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းမှာကျင်းပမယ့် လန်ချား-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်မှာဖြစ်ပြီး ဩဂုတ် ၁၄ ရက်ကနေ ၁၇ ရက်အထိ ခရီးစဉ်အတွင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာ့တော်လှန်ရေးမီးပေါင်ကို ဘယ်လို လျှော့ချကြမလဲ ဆိုတာမျိုးလည်း ဆွေးနွေးနိုင်ခြေ ရှိပါတယ်။
သေချာတာက အရူးမီးဝိုင်းဖြစ်နေတဲ့ မင်းအောင်လှိုင်ဟာ အာဏာစွန့်ရေးလမ်းကြောင်းပေါ် တက်လာမှာ မဟုတ်ပါဘူး။ စစ်တပ်က နိုင်ငံရေးမှာ လုံးဝမပါဘူးလို့ ကတိမပြုမချင်း ဆွေးနွေးအဖြေရှာရေး လမ်းကြောင်းဟာလည်း ဖြစ်ထွန်းလာစရာ မရှိပါဘူး။
မြန်မာပြည်သူတွေဟာ မြန်မာပြည်သူတွေသာဖြစ်လို့ တရုတ်ဖြစ်စေချင်သလို ဖြစ်လာမှာ မဟုတ်ပါဘူး။