Home
မြန်မာသတင်း
တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ဒုတိယအကြိမ် လေလံပွဲ ထပ်ပျက်  
DVB
·
August 15, 2024

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို စစ်ကောင်စီက ဒုတိယအကြိမ် လေလံတင်ရောင်းစားဖို့ ကြိုးစားရာမှာ  လေလံပွဲမှာ ဝင်ဆွဲမယ့်သူ မရှိလို့  ထပ်ပြီးပွဲပျက်သွားခဲ့ပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ ကို  ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေးငွေ ကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဒုတိယအကြိမ် လေလံပစ်ခဲ့ပေပေမဲ့ လေလံဆွဲမယ့်သူမရှိဘဲ ပွဲပျက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် ပထမအကြိမ် လေလံတုန်းက ကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၃,၁၅၀,၀၀၀ နဲ့ လေလံတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဒုတိယအကြိမ်မှာတော့ ကြမ်းခင်းဈေးကို ကမာရွတ်ခရိုင်တရားရုံးက လျှော့ချသတ်မှတ်ပြီး လေလံတင်ခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး  ဦးကြီးမြင့်က “လေလံက မအောင်မချင်း ပစ်ရမှာလေ လုပ်ထုံးလုပ်နည်းကတော့။ ဒီကြားထဲမှာ စေ့စပ်ညှိနှိုင်းလို့ ရသွားရင်လည်း အမှုပြီးသွားတဲ့ သဘောပေါ့နော်။ အဲဒီလိုမဟုတ်ဘဲနဲ့ စေ့စပ်ညှိနှိုင်းလို့မရဘူး ဆိုရင်တော့ လေလံကတော့ ပစ်သွားမှာပဲ။ ကြမ်းခင်းဈေးကို အပြန်အလှန်တင်ကြပြုကြ အဲဒီလိုပဲ သွားကြမှာပဲ။ အဲဒါကလည်း အခုဒီအတိုင်းဆိုရင် တိုင်းပြည်အခြေအနေအရရော၊ တော်လှန်ရေးအခြေအနေအရရောက ဘယ်လိုနည်းနဲ့မှ လေလံအောင်စရာ မရှိပါဘူး။ ဆွဲမယ့်သူဟာ အသက်နဲ့ရင်းထားပေါ့။ ဘာလို့ဆိုရင် တိုင်းပြည်က အမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ပြီးတော့ တိုင်းပြည်ရဲ့ ရင်ထဲမှာရှိနေတဲ့ ရတနာပဲလေ၊ အဲဒီရတနာကို ထိတဲ့လူကတော့ ဘေးတွေ့မှာပဲ”လို့ ပြောပါတယ်။

တရားရုံးလုပ်ထုံးလုပ်နည်းတွေအရဆိုရင် အမွေစားအမွေခံ တရားမ ဇာရီအမှုတွေနဲ့ပတ်သက်ပြီး  လေလံတင်မယ်ဆိုရင် ကြမ်းခင်းဈေးကို တရားပြိုင် နှစ်ဖက်စလုံးက အဆိုပြုချက်တွေ တင်သွင်းပြီး သင့်လျော်တဲ့ဈေးနှုန်းကို တရားရုံးက သတ်မှတ်ပေးရတာ ဖြစ်ပါတယ်။ 

လက်ရှိအမှုမှာတော့ စစ်ကောင်စီလက်အောက်ခံတရားရုံးက လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောဆန္ဒပါဝင်မှု ရှိ၊ မရှိ မသေချာတဲ့ အခြေအနေမှာ  ဆုံးဖြတ်ချက်တွေ ချခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူတဦးက “ဒီနေ့ နိုင်ငံရဲ့ထွက်ပေါက်က ‘စု’ပဲလေ။ ကျန်တဲ့သူမှမဟုတ်တာ။ ‘စု’တောင်မှ ဒီနေ့ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေကို တော်တော်လေးကို ထိန်းထိန်းသိမ်းသိမ်း လုပ်မှရမယ့်ကိစ္စကြီးပဲ။ သူတို့ နောက်ဆုံးအချိန်ကတော့ ထွက်ပေါက်အနေနဲ့ ‘စု’နဲ့ သူတို့ပြောရမှာပါ။ လိုရင်းအကျဉ်းချုပ်ကတော့ တိုင်းပြည်တခုမှာ တရားဥပဒေစိုးမိုးချင်တယ်ဆိုရင် အာဏာပိုင်အဖွဲ့အစည်းက ဥပဒေအပေါ်ကနေ အလုပ်လုပ်ဖို့ မသင့်တော်ဘူးလေ။ ဥပဒေကို သူတို့ကိုယ်တိုင် မလေးစားတဲ့သူက တိုင်းပြည်အုပ်ချုပ်တယ် ဆိုတော့ တိုင်းပြည်အတွက် အများကြီးနစ်နာတယ်လေ။ တိုင်းပြည်အုပ်ချုပ်ချင်တဲ့သူက တည်ဆဲဥပဒေတွေကို လေးကိုလေးစားရမယ်။ ဥပဒေကို လက်တလုံးခြား လုပ်ချင်တိုင်း လုပ်လို့မရဘူး။”

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က တွေ့ခွင့်မရတာ ၁ နှစ်နဲ့ ၇ လကျော် ကြာမြင့်နေပြီ ဖြစ်သလို တရုတ် အပါအဝင် နိုင်ငံတကာက တွေ့ဆုံခွင့်တောင်းတာကိုလည်း စစ်ကောင်စီက ပယ်ချနေတုန်းပဲ ဖြစ်ပါတယ်။ 

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်နာမည်နဲ့ အမည်ပေါက်ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပါတယ်။ အရင်စစ်အစိုးရလက်ထက်က အဲဒီအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ဝန်းကျင် နေထိုင်ခဲ့ရတာပါ။ 

ခြံအမှတ် ၅၄ ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၂၂ စက်တင်ဘာ ၂ ရက်မှာ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ကြေညာထားပြီး ရောင်းချ၊ ဝယ်ယူ၊ ပြင်ဆင်ဖို့ ကြိုးစားသူ အားလုံးကို ထိထိရောက်ရောက် အရေးယူမယ်လို့ ကြေညာထားပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013