တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဝမ်ယိဟာ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီး ဒေသတွင်း ကိစ္စရပ်တွေအပါအဝင် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် ဆွေးနွေးခဲ့တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဩဂုတ် ၁၄ ရက်ကနေ ၁၇ ရက်အထိ ကျင်းပနေတဲ့ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်နေချိန်မှာ ခုလိုတွေ့ဆုံခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဝမ်ယိက မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးပါတဲ့ အဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့အကြောင်း ထောက်ပြခဲ့သလို မြန်မာနဲ့ ဆက်သွယ်မှု တိုးမြှင့်နိုင်ဖို့ အာဆီယံကို တရုတ်က ပံ့ပိုးကူညီပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ မြန်မာ့နိုင်ငံရေးလမ်းပြမြေပုံအသစ်ကို ရှာဖွေဖို့ စတာတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် အာဆီယံဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် မြန်မာနိုင်ငံပြည်တွင်းရေးတည်ငြိမ်စေဖို့၊ ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ကူညီပေးနိုင်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြတာပါ။
လာအိုနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို အလေးအနက်ထားပြီး နိုင်ငံပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရာမှာ လာအိုက မြန်မာရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ပံ့ပိုးကူညီဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံဝန်ကြီးတွေဟာ နယ်ပယ်အားလုံးမှာ လန်ချန်း-မဲခေါင်နိုင်ငံတွေအတွက် မျှဝေထားတဲ့ အနာဂတ်နဲ့အတူ အသိုက်အဝန်းတစ်ခုတည်ဆောက်ရေးကို မြှင့်တင်ဖို့၊ လက်တွေ့ကျတဲ့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့၊ ဒေသတွင်း သာယာဝပြောရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် ကြီးမားသော ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ဖို့ စတာ တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး မတက်ရောက်ခင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို စစ်အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
Source/Photo- Xinhua