Home
ဆောင်းပါး
အနိုင်ကို ဦးစားပေးတဲ့ ထိုင်းနဲ့ အခိုင်မှာ ငြိတွယ်နေတဲ့ မြန်မာတို့ရဲ့ နိုင်ငံရေးလားရာများ
DVB
·
August 17, 2024
Photo-ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်။ (Reuters)

“အိမ်နီးချင်းကောင်းမှ လင်ကောင်းရ” ဆိုတဲ့ စကား ကြားဖူးကြတယ် မဟုတ်လား။ အခု ကျနော်တို့ အိမ်နီးချင်းတွေကတော့ လင်ကောင်းရမရတော့ မသိဘူး။ အိမ်ထောင်မကျခင်က ကွာရှင်းစာချုပ် လက်မှတ်ထိုးရတဲ့ကိန်း စိုက်နေရတဲ့ မြန်မာနိုင်ငံအခြေအနေ ဖြစ်လို့နေပါပြီ။

အခုဆို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အဟောင်းပြုတ်လို့ အသစ်ခန့်အပ်ဖို့ တော်ဝင်မိသားစု အကျိုးစီးပွား ရှေးရှုတဲ့ ပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ထားတဲ့ သက်ဆင်ပါတီတို့ဟာ အပေးအယူ မူဝါဒကို သုံးပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်အသစ်ကတော့ သက်ဆင်ရဲ့ သမီး အသက် ၃၇ နှစ်အရွယ်သာ ရှိသေးတဲ့ ဖွေ့ထိုင်းပါတီခေါင်းဆောင် ဖဲထောင်းထန်း ရှင်နာဝပ်ပဲ ဖြစ်ပါတယ်။ သူ့ကို ဝန်ကြီးချုပ် အမည်စာရင်းသွင်းဖို့အတွက် အစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်ကြတဲ့ ကျန်ပါတီတွေနဲ့ ညှိနှိုင်းကြတဲ့အခါ အဓိကအရေးကြီးတဲ့အချက် ၄ ချက်ကိုအလျှော့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအချက် ၄ ချက်ကတော့…

၁။ ဘုရင်နဲ့ပတ်သက်တဲ့ ဥပဒေပြင်ဆင်ချက်တွေ မလုပ်ရတာ၊

၂။ ဒီဂျစ်တယ်ဝေါလက်ဖြစ်တဲ့ လူတယောက်ကို ဘတ်တသောင်းပေးမယ့် အစီအစဥ် မလုပ်ရတာ၊

၃။ နိုင်ငံခြားသားတွေကို နှစ်ရှည် မြေအငှားမချရတာ၊

၄။ ဖျော်ဖြေရေးနဲ့ ကာစီနိုလောင်းကစားကို ခွင့်ပြုချက်မပေးရမှာ စတဲ့အချက် ၄ ပဲ ဖြစ်ပါတယ်။

သက်ဆင်ရဲ့ပါတီဟာ ဒီသဘောတူညီချက်တွေနဲ့ ဝန်ကြီးချုပ် ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့လည်း ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ “သူ့ကိုလည်း သိပ်မကြာခင် အချိန်မှာ ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြပြီး မောင်းထုတ်တာမျိုး ဖြစ်လာနိုင်တယ်” လို့ သုံးသပ်ကြပါတယ်။

နောက်ပြီး သက်ဆင်နဲ့ သူ့သမီးတို့ဟာ သူတို့ ရွေးကောက်ပွဲဝင်ခဲ့တုန်းက စည်းရုံးရေးဆင်းရင်း မဲရဖို့ သူတို့ပြည်သူတွေကို ပေးထားတဲ့ ကတိကဝတ်တွေနဲ့ ဝန်ကြီးချုပ်နေရာရဖို့အတွက် သဘောတူညီချက်တွေရဲ့အကြား သူတို့ ဘယ်လောက်အထိ ထိန်းညှိနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးပြီး လုပ်ခဲ့ကြတဲ့ အစဥ်အလာ ရှိတယ်လို့ ထိုင်းနိုင်ငံရေး လေ့လာစောင့်ကြည့်သူ Stenven Sanyu ကလည်း မှတ်ချက်ပြုထားပါသေးတယ်။

ထိုင်းနိုင်ငံရေး အပြောင်းအလဲကို ပြန်လေ့လာကြည့်ရင် အခု ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ် စတက်လာတုန်းကလည်း သိပ်ကြာကြာမခံဘူးလို့ သုံးသပ်ခဲ့ကြတာလည်း ရှိခဲ့ဖူးတယ်။ သုံးသပ်ခဲ့ကြသလိုပဲ အခုလည်း တကယ်ဖြစ်လာတာ မြင်ရပါတယ်။

အဲဒီအတွက် ထိုင်းနိုင်ငံရေးကို လေ့လာသူတွေက မသန့်စင်တဲ့နိုင်ငံရေး (Dirty politics) လို့ သုံးနှုန်းကြတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ပြည်သူ့အကြိုက် ပြည်သူ့ဆန္ဒအတိုင်း အကောင်အထည်ဖော်ခွင့် မရတဲ့အတွက်ကြောင့်ပါတဲ့။

ဘုရင်နဲ့ ရှေးရိုးစွဲ စစ်တပ်ခေါင်းဆောင်တွေ၊ ကွန်ဆာဗေးတစ် ဗျုရိုကရက်တွေရဲ့ အကျိုးစီးပွားအတွက်ပဲ ရှေးရှုလို့ပါတဲ့။

သူတို့ကြိုးဆွဲရာ မကတော့ဘူးဆိုရင် ခဏ ချက်ချင်း စစ်တပ်က အာဏာ မကြာခဏ သိမ်းတတ်ကြလို့ နိုင်ငံရေးအရ ညစ်ပတ်ကြတယ်၊ မသန့်စင်ဘူးလို့ ဆိုခဲ့ကြခြင်း ဖြစ်ဟန်တူပါတယ်။

သူတို့သဘောတူခဲ့တဲ့ အချက် ၄ ချက်ထဲက ၂ ချက်က ‌အတော်အရေးကြီးသလို ထိုင်းနိုင်ငံရေးရဲ့ ရှေ့အလားအလာကို ကြိုတင်တွက်ဆကြည့်လို့ ရပါတယ်။

နိုင်ငံခြားသားတွေကို နှစ်ရှည် မြေမငှားတာ၊ ဖျော်ဖြေရေးနဲ့ ကာစီနို လောင်းကစား‌ရုံတွေကို ခွင့်မပြရဆိုတဲ့ အချက်တွေဟာ ထိုင်းစစ်တပ်နဲ့ တော်ဝင်မိသားစုတွေရဲ့ နိုင်ငံရေး အမြော်အမြင်နဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာကို မှန်းဆနိုင်ပါတယ်။

ဒီကိစ္စကို သူတို့က ကက်ဘိနက်မှာ ဘာလို့ အရေးတကြီး ကန့်ကွက်တားဆီးနေရတာလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဘာလို့လဲဆိုတော့ တရုတ်တွေရဲ့ ကျားဖြန့် ခြေတန်လက်တန်ကို လန့်လို့ဖြစ်နိုင်ပါတယ်။ ကြောက်လည်း ကြောက်လောက်ပါတယ်။

တရုတ်တွေက ထိုင်းအစိုးရဆီက မြေကို နှစ် ၃၀၊ ၆၀၊ ၉၀ ဂရမ်တွေ နှစ်ရှည်ငှားပြီး အဆောက်အဦကြီးတွေဆောက်၊ ပြီးတော့ အစိုးရဆီကို ဖြေဖျော်ရေးလိုင်စင်တင်၊ အရက်နဲ့ အဖျော်ယမကာ စားသောက်ဆိုင်လိုင်စင်ယူ၊ ကာစီနိုလိုင်စင်ပါ ယူပြီးတော့ နောက်ကွယ်မှာ ကျားဖြန့်ကို လုပ်ခဲ့ကြတာ ထိုင်းတွေ အတော်လန့်နေကြပုံပေါ်တယ်။ သူတို့ ထိုင်းနိုင်ငံသားတွေလည်း အတော်ခံခဲ့ကြရတယ်။

ဒါကြောင့် ဒီနှစ်ချက်ကို လုံးဝ လုံးဝ ခွင့်မပြုဖို့ သဘောတူညီမှု ယူခဲ့ရတာပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။

မည်သို့ပင်ဆိုစေကာမူ ထိုင်းပြည်သူနဲ့ အစိုးရကတော့ နိုင်ငံရှေ့ရေးအတွက် အနိုင်ကို ဦးစားပေးပြီး လုပ်သွားပါတယ်။ လောလောဆယ် နိုင်ငံတည်ငြိမ်မယ်။ အစိုးရယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်မယ်။ ပြီးမှ ခိုင်မာအားကောင်းအောင် တဖြည်းဖြည်း တည်ဆောက်ယူမယ်။ ဒီလိုသဘောသဘာဝတွေ တွေ့ရပါတယ်။

ဒါဆိုရင် ဆက်စပ်လို့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခိုင်ကို ငြိတွယ်နေကြပြီး လိုရာမရောက် ခရီးမပေါက် ဖြစ်နေရတာလေး စောကြောကြည့်ကြရအောင်ပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (Foreign investment law) တွေ ပြင်ဆင်ပြဋ္ဌာန်းပြီး နိုင်ငံခြားသားတွေကို နှစ်ရှည်ဂရမ်တွေ ချပေးပြီး မြေတွေငှား၊ အောက်ဆိုဒ်တွေ၊ လာဘ်လာဘတွေ ရကြပါတယ်။

ဒါ့အပြင် Gambling law ကို ပါးပါး‌ပြဋ္ဌာန်းပြီး ကာစီနိုကို ကက်ဘိနက်က ခွင့်ပြု‌ပေးပြီး လာဘ်လာဘတွေ အပြုံလိုက် ရကြပါတယ်။

ဒီလိုနဲ့ သောင်ရင်းတကျောမှာ ရွှေကုက္ကိုလ်၊ မြဝတီ၊ KK park တွေက မြေပြင်မှာ အဆောက်အဦ အကြီးကြီးတွေဖြစ်ကြ၊ ကာစီနိုတွေ အပြိုင်ဖွင့်ကြရင်း နောက်ဆုံးတော့ ကက်ဘိနက်က အာဏာရှင်တွေနဲ့ ကရင်ပြည်နယ်အထဲက အချို့ အဂတိလိုက်စားတဲ့ ဖထီးတွေနဲ့ အခုထိလည်း အကျိုးစီးပွား ဖြစ်ထွန်းနေကြတာမို့ ထိုင်းက မျက်မုန်းကျိုးပြီး တရုတ်လို အထောက်အပံ့ မပေးတဲ့အပြင် ပိတ်ဆို့ထားပြီး ဖမ်းဆီးကြမ်းနေတာလို့ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ တချို့က ပြောဆိုကြပါတယ်။

မြန်မာရာဇဝင်မှာတော့ ကံရာဇာငယ်နဲ့ ကံရာဇာကြီး ဘုရင်ရွေးချယ်ပွဲမှာ ကံရာဇာကြီးဟာ အခြေအနေ အချိန်အခါကို မချင့်တွက်ဘဲ ဘုရားကို အခိုင်အခန့်လုပ်နေလို့ ထီးနန်းနဲ့ လွဲ‌ချော်ခဲ့ရပါတယ်။

NLD အစိုးရလက်ထက်မှာတော့ အနိုင်ရခိုက်မှာ အခိုင်မလုပ်နိုင်ခဲ့လို့ နိုင်ငံတော် စီမံအုပ်ချုပ်ခွင့်ဟာ ကောက်ကျစ်တဲ့ မအလ စစ်တပ်ဆီ ပြန်ရောက်သွားခဲ့ရပါတယ်။

အခု NUG အစိုးရကလည်း တော်လှန်ရေးအစိုးရပုံစံ ဆိုတာထက် သမားရိုးကျ အစိုးရပုံစံ ပေါက်နေပြီး လိုရင်းကို အတော်နဲ့မရောက် ဖြစ်နေတာ တွေ့မြင်နေရတယ်။ ကွန်မြူနစ်စကားနဲ့ ပြောရရင် စည်းလေးနေတယ်။ ဝန်ပိနေတယ်။ ဝန်ကြီးဌာနတွေများပြီး လက်တွေ့ အလုပ် မတွင်ကျယ်တော့ ဝန်ထုပ်ဝန်ပိုးတွေဖြစ်ပြီး ပြည်သူ့ဘဏ္ဍာတွေ အလေအလွင့်ဖြစ်တာပေါ့။

ဒီနေရာမှာတော့ NUG အစိုးရက ဝေဖန်ဖို့ မရှိပါဘူး။ ထိုင်းနိုင်ငံရေးအရွေ့နဲ့ လားရာတွေကနေ သင်ခန်းစာယူပြီး တော်လှန်ရေးခရီးတွင်ဖို့နဲ့ မိမိနိုင်ငံရေးဖြစ်စဉ်တွေကို နှိုင်းယှဉ်လေ့လာ စောကြောကြဖို့ပဲ ဖြစ်ပါတယ်။

တော်လှန်ရေးအစိုးရရဲ့ တာဝန်က အခိုင်ထက် အနိုင်ကို ဦးစားပေးသင့်တယ်လို့ ယူဆစရာ ရှိပါတယ်။ တော်လှန်ရေးက ကြာလာရင် တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတဲ့ အုပ်စုတွေ များများလာမယ့် ဘေးထွက်ဆိုးကျိုးရှိသလို နိုင်ငံနဲ့ ပြည်သူလည်း အင်မတန် အထိနာပါတယ်။

အိမ်နီးချင်း ထိုင်းမှာလည်း မစ္စတာပီတာဟာ အပိုင်မရခင် အခိုင်အခန့် သွားလုပ်မိလို့ ဝန်ကြီးချုပ်ရာထူးတာဝန်နဲ့ လွဲခဲ့ရပါတယ်။

အခု ဝန်ကြီးချုပ်ဖြစ်လာမယ့် အမျိုးသမီးကတော့ အနိုင်ရဖို့ အပိုင်လုပ်နေပါပြီ။ အခိုင်အမာ ဆက်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမယ့် ထိုင်းနိုင်ငံရဲ့ လားရာပါ။

မြန်မာရဲ့ လားရာဟာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေး၊ ၎င်းနိုင်ငံတွေရဲ့ နိုင်ငံရေး လားရာတွေနဲ့ လုံးလုံးလျားလျား ဆန့်ကျင့်သွားတာမျိုးတွေကို ရှောင်ရှားပြီး ကိုယ့်ရဲ့လက်ထဲကို အချုပ်အခြာအာဏာ အရင်ရအောင် လုပ်ကြပြီးမှ တနည်းအားဖြင့် မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာကို အနိုင် အပိုင် ရမှ နောက်တဆင့်တက်ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ စိတ်ရှည်သည်းခံစွာ နိုင်ငံတော်သစ်ကို အခိုင်အခန့် တည်ဆောက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024