Home
နိုင်ငံတကာ
အသက်အငယ်ဆုံး ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်
DVB
·
August 16, 2024
Photo-Reuters

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင် ရာထူးက ဖယ်ရှားခံရတဲ့နောက် ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဖဲထောင်းထန်း ရှင်နာဝပ်ကို ဒီကနေ့ ဩဂုတ် ၁၆ ရက် လွှတ်တော်အစည်းအဝေးမှာ ဆန္ဒမဲပေးတဲ့စနစ်နဲ့ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

ဒီကနေ့ ရွေးချယ်တင်မြှောက်ပွဲမှာ ဖွေ့ထိုင်းပါတီမှ ဖဲထောင်းထန်း ရှင်နာဝပ် တဦးတည်းသာ ဝင်ရောက်ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။

မဲပေးခွင့်ရှိ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၉၃ ဦးအနက် ၂ ဦးသာ ပျက်ကွက်ပြီး ကျန်တဲ့ ၄၉၁ ဦး မဲပေးခဲ့တယ်၊ စစ်အစိုးရလက်ထက် အထက်လွှတ်တော်အမတ် ၂၅၀ ဦးမှာ သက်တမ်းကုန်ဆုံးသွားတာကြောင့် ရွေးလို့မရတော့သလို ညွန့်ပေါင်းအစိုးရလက်ထက် ဥပဒေသစ်အရ အထက်လွှတ်တော် အမတ်သစ် ၂၅၀ ဦးလည်း မဲပေးခွင့်မရှိတော့ပါဘူး။

ဖဲထောင်းထန်းဟာ ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၄၅ မဲနဲ့ နှုတ်ဆိတ်မဲ ၂၇ မဲ ရရှိတယ်၊  မဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော်ထက်ကို ပိုပြီး ထောက်ခံမဲ ရရှိခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။

နန်းတွင်း ပြန်တမ်းဝင် ထုတ်ပြန်ချက်နဲ့ ဘုရင်ကြီးထံ အခစားဝင်ရောက် အရိုက်အရာ ဆက်ခံပြီးရင် တရားဝင်အတည်ပြုခံရမှာ ဖြစ်ပါတယ်။

ဖဲထောင်းထန်း ရှင်နာဝပ် (ခ) အုန်အိန် (၃၇ နှစ်) မှာ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် နဲ့ မိခင် ခွန်ယိင်းဖို့ချ်မန်း ဒါးမားဖုန်းတို့မှ ၁၉၈၇ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အစ်ကို ဖန်းထောင်းထဲနဲ့ အစ်မ ဖင်းထောင်းထားတို့ရှိပြီး သူကတော့ အထွေးဆုံးသမီး ဖြစ်ပါတယ်။

ဖဲထောင်းထန်းဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မှာ မွေးဖွားပေမဲ့ ထိုင်းနိုင်ငံမှာ ကြီးပြင်းခဲ့ပါတယ်။ ဘန်ကောက် စိန့်ဂျိုးဇက် ကွန်ဗင့်ကျောင်းကနေ အထက်တန်းကျောင်း အောင်မြင်ပြီး ၂၀၀၈ ခုနှစ်မှာ မဟာကျူလာလောင်ကွန်းတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘွဲ့ ရခဲ့တယ်။  အဲဒီနောက် အင်္ဂလန်နိုင်ငံ University of Surrey ကနေ  နိုင်ငံတကာဟိုတယ်လုပ်ငန်းနဲ့ ဝင်ငွေဆိုင်ရာ မဟာသိပ္ပံဘွဲ့ ရခဲ့ပါတယ်။

အဲဒီနောက် မိဘတွေလုပ်ကိုင်ခဲ့တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီ၊ ဟိုတယ်လုပ်ငန်း၊ ဂေါက်ဖ်ကွင်းလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်၊ ဘတ်သန်းပေါင်း ၆၈,၀၀၀ တန်ဖိုးရှိ ကုမ္ပဏီပေါင်း ၂၁ ခုမှာ အစုရှယ်ယာ အများဆုံးပါဝင်သူလည်း ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူမှာ နိုင်းပေါပိသုတ်ဆုဒ်ဆဝဒီ (လေယာဉ်မှူးဟောင်းနဲ့ Rende Development ကုမ္ပဏီရဲ့ ဒုညွှန်မှူး) ဖြစ်ပြီး ၃ နှစ်ရွယ် သမီးနဲ့ ၁ နှစ်ရွယ် သားတဦး ရှိပါတယ်။

ဖဲထောင်းထန်းဟာ ငယ်ရွယ်စဉ်ကတည်းက နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့ပါတယ်။ အဘိုးဖြစ်သူ နိုင်းလိုတ့် ရှင်နာဝပ်မှာ ချင်းမိုင်ခရိုင် ဆန်ကမ်ဖိုင်းမြို့နယ်က လွှတ်တော်အမတ် တဦးဖြစ်ပြီး ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်က ထိုင်းနိုင်ငံရဲ့ ၂၃  ဦးမြောက် ဝန်ကြီးချုပ်၊ ဒေါ်လေးဖြစ်သူ ယင်လတ် ရှင်နာဝပ်က ထိုင်းနိုင်ငံရဲ့  ၂၈  ဦးမြောက် ဝန်ကြီးချုပ်၊ ဦးလေးဖြစ်သူ နိုင်းဆုမ်ချိုင်း ဝုန်းဆဝပ်က ထိုင်းနိုင်ငံရဲ့ ၂၆ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်ပါတယ်။

သူဟာ ၈ နှစ်သမီးအရွယ်ကတည်းက အိမ်မှာ နိုင်ငံရေးသမားတွေ လာရောက်စည်းဝေး တိုင်ပင်လေ့ရှိတာကို တွေ့မြင်ရတယ်။ ဖခင်ဖြစ်သူရဲ့ ပါတီမဲဆွယ်လုပ်ငန်းတွေမှာလည်း ကလေးတယောက်အနေနဲ့ လက်ကမ်းစာစောင် လိုက်ဝေငှပေးတာတွေ ကူညီလုပ်ကိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၈ ရက် ဖွေ့ထိုင်းပါတီဝင်များ အစည်းအဝေးမှာ  ဖွေ့ထိုင်းပါတီ ခေါင်းဆောင် နိုင်းဖုမ်ဖုန်းအမွမ်ဝိဝပ်က နုတ်ထွက်ကြောင်း ကြေညာတဲ့နောက် သူဟာ ပါတီအတိုင်ပင်ခံများရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရရာက နိုင်ငံရေးလောကထဲ ဝင်ရောက်လာပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ဖွေ့ထိုင်းမိသားစုရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်း ခံရပါတယ်။ (အဲဒီကာလမှာ ဖခင်ဖြစ်သူ သက်ဆင် ရှင်နာဝပ်နဲ့ ဒေါ်လေး ယင်လတ် ရှင်နာဝပ် တို့မှာ ဝရမ်းပြေးဘဝနဲ့ နိုင်ငံခြားမှာ တိမ်းရှောင်နေရပါတယ်)။

၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ ဖွေ့ထိုင်းပါတီက အဆိုပြုတဲ့ ဝန်ကြီးချုပ် ဝင်ရောက်အရွေးခံမယ့်သူ ၃ ဦးအနက် သူအမည်ပါ ပါဝင်ပါတယ်။ ထိုစဉ်က သူ့မှာ ကလေးမီးဖွားကာစမို့ မိခင်ဖြစ်သူက သဘောမတူတာကြောင့် နိုင်းဆေထာထဝီးဆင်က အရွေးခံပြီး ဝန်ကြီးချုပ် ဖြစ်ခဲ့တာပါ။ နောက်တဦးကတော့ ကျန်းမာရေး မကောင်းတာကြောင့် ဝန်ကြီးချုပ် အရွေးမခံတော့ပါဘူး။

ဝန်ကြီးချုပ် ဆေထာထဝီးဆင် ပြဿနာဖြစ်တော့ ဖဲထောင်းထန်းအနေနဲ့ အနိုင်ရပါတီကနေ ဝန်ကြီးချုပ် အရွေးခံဖို့ ဖြစ်လာရပါတယ်။

သူဟာ နိုင်ငံရေးလောကထဲ ဝင်လာတာ မကြာသေး၊ လွှတ်တော်အမတ်လည်း မဖြစ်ဘူးပါဘဲနဲ့ ခုလို ဝန်ကြီးချုပ်ဖြစ်လာတော့ နိုင်ငံရေးလှိုင်းဂယက်ဒဏ် မခံနိုင်မှာ စိုးရိမ်ကြောင်း ဝေဖန်မှုတွေ ရှိနေသလို တချို့ကတော့ သူဟာ နိုင်ငံရေးအသိုင်းအဝိုင်းထဲက ကြီးပြင်းလာသူ၊ တခြားမောင်နှမတွေထက်စာရင် ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်းနဲ့ ပိုမိုနီးစပ်သူ၊ မိမိကိုယ်မိမိ ယုံကြည်မှုမြင့်မားပြီး ဖခင်လိုပဲ စိတ်ထက်သန်သူ၊ စိတ်မြန်လက်မြန်ရှိတယ်၊ မျိုးဆက်သစ်လူငယ်လည်းဖြစ်တယ်၊ ဝိုင်းဝန်းပံ့ပိုးပေးမယ့် နိုင်ငံရေး အသိုင်းအဝန်းကလည်း ရှိတာကြောင့် သူ့လက်ထက်မှာ တိုင်းပြည်ကို ကောင်စွာ ဦးဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း နိုင်ငံရေးသမားအချို့က သုံးသပ်ပါတယ်။

သူကိုယ်တိုင်ကလည်း သူ့ကို စိတ်ချယုံကြည်စွာ ထောက်ခံမဲပေးခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ အားလုံး၊ ပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း၊ သူဟာ မိမိကိုယ်ကို ပြည့်စုံပြီလို့ ဘယ်တော့မှ မယူဆကြောင်း၊ ဒါပေမဲ့ မိမိအဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းအင်အားနဲ့ တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားသွားမယ့်အကြောင်း ရွေးကောက်ပွဲအပြီး သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Ref: Wikipedia

Photo- Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013