ထိုင်းဝန်ကြီးချုပ်ဆေထား ထဝီးဆင်ဟာ အခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ်ဆိုပြီး ရာထူးက ဖယ်ရှားဖို့ ဩဂုတ် ၁၄ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဆုံးဖြတ်လိုက်ပါတယ်။
အံ့အားသင့်စရာ ဒီဆုံးဖြတ်ချက်ကြောင့် ထိုင်းဘုရင့်နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာ မရေရာမှုတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။
ဒီခုံရုံးကပဲ တိုးတက်တဲ့ အမြင်ရှိတဲ့ ရွေးကောက်ပွဲနိုင် Move Forward ပါတီကို ဖျက်သိမ်းခဲ့ပြီး ပါတီခေါင်းဆောင်တွေ နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဝန်ကြီးချုပ်ဆေထားဟာ ထောင်ကျဖူးတဲ့ သူကိုဝန်ကြီးချုပ်ရုံးဝန်ကြီး နေရာခန့်အပ်တဲ့အတွက် ကျင့်ဝတ်စည်းမျဉ်းတွေချိုးဖောက်ရာရောက်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်သက်ဆင်ရဲ့ ရှေ့နေဖြစ်သူ ဖိချစ်ကို ရာထူးခန့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်က ခန့်တဲ့ အထက်လွှတ်တော်အမတ် ၄၀ က တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အခုစီရင်ချက်ကြောင့် အစိုးရသစ်ပြန်ဖွဲ့ရတော့မှာဖြစ်ပြီး အာဏာရ ဖေ့ထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းဟာ ဝန်ကြီးချုပ်သစ်နေရာ တခြားတဦးကို အဆိုပြုရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အမတ် ၅၀၀ ရှိတဲ့ လွှတ်တော်က မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း လွှတ်တော်အမတ်တွေ အပိတ်ခံရ၊ ပါတီတွေ အကြိမ်ကြိမ် အဖျက်ခံရ၊ ဝန်ကြီးချုပ်တွေအာဏာသိမ်းခံရ၊ တရားရုံးဆုံးဖြတ်ချက်နဲ့ ဖယ်ရှားခံရတာတွေ ထိုင်းနိုင်ငံမှာ ထပ်တလဲလဲဖြစ်ခဲ့ပါတယ်။