ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒု-ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နဲ့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်တို့ကို စစ်ခေါင်းဆောင်က တာဝန်ကနေ အနားပေးလိုက်တယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။
ရေကြောင်းနဲ့ထိစပ်တဲ့နယ်မြေမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကို စီမံကွပ်ကဲရာမှာ ညံ့ဖျင်းတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပစ်သတ်ခံရတဲ့ ဖြစ်စဥ်မှာ သတင်းလိမ်လည် တင်ပြခဲ့တဲ့ ဗိုလ်ချုပ်ကြည်ခိုင်ကို တာဝန်က အနားပေးခဲ့တာလို့ စစ်ဘက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို ရခိုင်မှာဖြစ်ခဲ့တဲ့ ကျောက်တော်ဖြစ်စဥ် နခခဖြစ်စဥ်တွေကြောင့် နုတ်စာထွက်စာခိုင်းတာ။ ဗိုလ်ချုပ်ကြည်ခိုင်ကို အရန်အင်အားရော လက်ရုံးရော မပို့ဘူး အနားပေးလိုက်ပြီ။"
ကာကွယ်ရေးဦးစီးချုပ်(ရေ) သက်တမ်း ၆ လသာရှိသေးတဲ့ ဒု ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်ကို ပြည်ထောင်စုဝန်ကြီးနေရာကို ပြောင်းရွေ့ပြီး ခန့်ခဲ့တာ ဖြစ်ပါတယ်။
"ရခိုင်မှာ တပ်ရော ရဲရောကျလို့ဆိုပြီး ဗိုလ်ချုပ်ကြီးမိုးအောင်ကို ဖြုတ်ပြီး သူကငယ်တဲ့သူဆိုတော့ နေရာပေးတာ ဒါကြောင့် ချက်ချင်းဗိုလ်ချုပ်ကြီးရာထူးမပေးတာ။”
လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ)နေရာကို စက်မှုလက်မှုအမှုဆောင်အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး အောင်သူစိုးကို ခန့်အပ်တယ်လို့ သတင်းတွေထွက်နေပေမဲ့ သီးခြားအတည်ပြုလို့ မရပါဘူး။
ဒီလိုတာဝန်က အနားပေးလိုက်တဲ့အပြင် ၂၀၂၂ ခုနှစ်တုန်းက ချီးမြှင့်ပေးခဲ့တဲ့ ‘ဇေယျကျော်ထင်’ ဘွဲ့ကိုလည်း ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်တို့နည်းတူ ပြန်သိမ်းခံရမယ်လို့လည်း သိရပါတယ်။