ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ၆ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂,၀၀၀ ကျော် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၁၃၄ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဒီ ၆ လအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၁၃၄ ယောက် သေဆုံး၊ ၄၃၉ ယောက် ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ၉၆ ယောက် ရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၂၃၀၃ ကြိမ်ရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်တာ၊ မြေမြှုပ်မိုင်းတွေထောင်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေပါဝင်ပြီး ၆ လအတွင်း အများဆုံးလူ့အခွင့်အရေးချိုးဖောက်မှုကတော့ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပြီး ၁၂၄၉ ကြိမ်အထိ ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ အရင်က ဒရုန်းအသုံးပြုတိုက်ခိုက်တာ မရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်အတွင်း ဒရုန်းအသုံးပြု တိုက်ခိုက်လာခဲ့ပြီး KNU အုပ်ချုပ်မှုနယ်မြေမှာ ၆ လအတွင်း ဒရုန်းနဲ့ပစ်ခတ်တိုက်မှု ၁၀၆ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီကြောင့် ၆ လအတွင်း အဆောက်အအုံ ၁၁၈၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီ ပျက်စီးမှုတွေထဲမှာ ဘာသာရေးအဆောက်အအုံ ၂၉ ခု၊ စာသင်ကျောင်း ၁၄ ကျောင်းနမဲ့ ကျန်းမာရေးအဆောက်အအုံ ၄ ခုတို့ ပါဝင်ပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက KNU နယ်မြေအတွင်းမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီး၊ လေကြောင်းရန်ကြောင့် လူ ၁၂ သိန်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး တပ်မဟာ ၃ ညောင်လေးပင်ခရိုင်က လူ ၄ သိန်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီစာရင်းအချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တနှစ်ထက်တနှစ် ပိုများလာပြီး ထိခိုက်ပျက်စီးမှုတွေလည်း ပိုတိုးလာသလို မြေပြင်မှာ စာရင်းကောက်ယူလို့ မရနိုင်တဲ့နေရာတွေလည်း ရှိသေးတာကြောင့် အမှန်တကယ် ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေဟာ အခုထက်ပိုများနိုင်တယ်လို့ KNU က ဆိုပါတယ်။