Home
မြန်မာသတင်း
ရန်ကုန်မြစ်အတွင်း စက်လှေမှောက်ပြီး ပျောက်ဆုံးနေသူများထဲမှ အလောင်း ၅  လောင်း ပြန်တွေ့
DVB
·
July 13, 2024
Photo Crd-လူမှုကူညီရေးအသင်း

ရန်ကုန်မြစ်ထဲမှာ စက်လှေမှောက်ပြီး ရေနစ်ပျောက်ဆုံးသူတွေထဲက အလောင်း ၅  လောင်းကို ဇူလိုင် ၁၂ ရက် မနက်ပိုင်းက ရှာဖွေဆယ်ယူနိုင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ဒီရုပ်အလောင်းတွေကို သန်လျင်မြို့နယ်၊ ဒေါပုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ် တဖက်ကမ်းတို့ရဲ့ မြစ်ရေပြင်ထဲမှာ ရှာတွေ့တာပါ။

ပြန်တွေ့ထားတာတော့ အမျိုးသားအလောင်း ၄ လောင်း၊ အမျိုးသမီးအလောင်း ၁ လောင်းဖြစ်ပြီး ဒီထဲမှာ မောင်နှမ ၂ ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသူနဲ့ အသက် ၁၈ နှစ်အရွယ် ၁၂ တန်းကျောင်းသား တဦးရဲ့ ရုပ်အလောင်းတွေလည်း ပါဝင်နေပါတယ်။

ရှာဖွေဆယ်ယူခဲ့တဲ့ လူမှုကူညီရေးအသင်းတာဝန်ခံက “ ဦးမြ-ငဇင်ဘက်မှာ တဦး၊ သန်လျင်ဘက်မှာ ရေတပ်က ဆယ်ပေးတာ ၂ ဦး၊ သန်လျင်မှာ နောက်တဦး၊ သာကေတဒေါပုံဘက်မှာ ၁ ဦးပါ။ ကလေး ၂ ဦးက အလုံဘက်မှာ ကျောင်းတက်ဖို့လာရင်း ဖြစ်သွားတာ”လို့ ပြောပါတယ်။

ဇူလိုင် ၁၀ ရက် မနက် ၈ နာရီလောက်က ကြည့်မြင်တိုင် တဖက်ကမ်း ဦးမြင်-ငဇင် ကူးတို့ဆိပ်ကနေ ကြည့်မြင်တိုင် ငှက်ပျောစျေးဘက်ရှိ ဗားကရာဆိပ်ကမ်းကို စက်လှေတစီးဟာ စက်လှေသမားအပါ ၁၇ ဦးနဲ့ ကူးလာခဲ့တာဖြစ်ပြီး ရန်ကုန်မြစ်အလယ်မှာ တွဲသင်္ဘောနဲ့ တိုက်မိနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

မီးသတ်နဲ့ အရပ်ဘက်၊ အနားက စက်လှေမောင်းသူတွေ ပေါင်းပြီး ရှာဖွေကယ်ဆယ်ခဲ့လို့ ၁၇ ဦးအနက် ၉ ဦး အသက်ရှင်ခဲ့ပြီး ၈ ဦးမှာ မြစ်ထဲ ပျောက်ဆုံးသွားခဲ့ပါတယ်။

မိသားစုဝင်တဦး “အသက်အင်္ကျီကို မပါတာ။ မြင်လိုက်ကျတဲ့သူတွေလည်း ရှိတယ်။ လွတ်လာတဲ့သူတွေ ပြောတာက စက်လှေသမားက သင်္ဘောနဲ့ ပြိုင်မောင်းရင်း တိုက်မိပြီး မှောက်ခုံကြီး ဖြစ်သွားတာ။ စက်လှေသမားက အသက်ရှင်သေးတယ်။ ဗိုက်ကြီးသည်တယောက်လည်း အခုထိ မတွေ့သေးဘူး”လို့ ပြောပါတယ်။

ဇူလိုင် ၁၁ ရက်က ကြည့်မြင်တိုင်မြို့နယ်ဘက်မှာ အမျိုးသားရုပ်အလောင်းတခုကို တွေ့ရှိခဲ့သလို ဇူလိုင် ၁၂ ရက်မှာတော့ နောက်ထပ် ၅ လောင်းကို တွေ့ခဲ့တာဖြစ်ပေမဲ့ ကိုယ်ဝန်သည် အမျိုးသမီးနဲ့ အမျိုးသားတဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အလောင်းဆယ်ယူမှုတွေကို မြို့နယ်မီးသတ်တပ်ဖွဲ့တွေ၊ ကြက်ခြေနီတပ်ဖွဲ့၊ လင်းလက်၊ အားမာန်၊ စံပြ၊ အဖြူရောင်၊ ရောင်စဉ်မဲ့၊ မီးအိမ်ရှင်၊  ပရဟိတနှလုံးသားနဲ့  တခြားလူမှုကူညီအသင်းတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ အလောင်းတချို့ကို မိသားစု​ဝင်တွေက အတည်ပြုထားသလို လူမှုကူညီရေးအသင်းတွေကလည်း အလောင်းတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားကြ ပါတယ်။

အခင်းဖြစ်ပွါးနေရာက ရန်ကုန်- ဗိုလ်တထောင်ရေပိုင်နက်နယ်မြေဖြစ်လို့ စက်လှေမောင်းသူ အမျိုးသားကိုတော့ ဗိုလ်တထောင်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

ဝေယံဦးကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024