Home
ဆောင်းပါး
ဖီဆန်သူတို့ အားမာန်
DVB
·
September 13, 2024

အာဏာဖီဆန်၊

CDM တို့

အားမာန်အပြည့်ရှိဆဲပင်။ ။

အခုဆိုရင် ကမ္ဘာမြေတကာမှာ အာဏာရှင်ကို ဖီဆန်သူ CDM တွေရဲ့ ရုန်းကန် ဖြတ်သန်း ရှင်သန်ရမှုတွေဟာ သုံးနှစ်တာကာလကို ရောက်လာခဲ့ပါပြီ။ မြန်မာ့အခင်းအကျင်းရဲ့  အောင်မြင်မှုတွေဟာလည်း မျက်ဝါးထင်ထင် မြင်တွေ့လို့ လာခဲ့ပါပြီ။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံတဝန်း လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါင်းတွေရဲ့ ဒုက္ခတွေဟာလည်း မဆုံးသောလမ်းပမာ တပူပေါ် နှစ်ပူ သုံးပူ ဆင့်လာနေကြပါတယ်။ မဟာဒုက္ခ တွင်းဆုံးကျနေရတဲ့ ဘဝတွေမှာ ကျီးလန့်စာစား အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ၊ ခက်ခဲလှတဲ့ ဘဝတွေပါပဲ။ အလုပ်အကိုင်က ခက်ခဲ၊ ကုန်ဈေးနှုန်းက ကြီး၊ ပြေးရ လွှားရ အန္တရာယ်ကြားမှာ ပြည်သူတွေဟာ ပျားပန်းခပ်နေကြရပါတယ်။ ကိုယ့်အိမ် ကိုယ့်ယာတောင် ကိုယ်မနေရဲအောင် ဖြစ်လာနေခဲ့ရတာပါ။ ဘယ်သူက ဘာဆိုတာ သိပြီးတဲ့နောက် မြန်မာပြည် ပြန်လည်အေးချမ်းလာချိန်မှာတော့ နောက်တကြိမ် ဒီလို ထပ်မကြုံရစေဖို့ ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်ကြမယ်လို့ ယုံကြည်မိပါတယ်။ အခုတော့ အရက်စက်ဆုံးသော အစိုးမရတဲ့သူတွေကြား လုံခြုံစိတ်ချရမှုဆိုတာကို တမ်းတမ်းတတ ငတ်မွတ်တောင့်တ နေကြရပြီ ဖြစ်ပါတယ်။

လေယာဉ်ဗုံးချ၊ ကျောင်းပေါ်ကျ၍

ပန်းလှသွေးစုံ၊ ပျက်စီးကုန်ပြီး

လုပ်ပုံဆိုးလှ၊ တက်ခေါက်ကြလျက်

ဒေါသအပေါင်း၊ အားမာန်ပြောင်းစို့။ ။

ဒီလိုအချိန်မှာ လုံခြုံစိတ်ချ အားကိုးရမှုကို အားလုံး မျှော်လင့်တောင့်တကြတာပါပဲ။ ကိုယ့်ကို စေတနာမှန်သူနဲ့  တိုင်းပြည်အပေါ်  စေတနာမှန်တဲ့ လုပ်ရပ်တွေကို ပြန်မြင်ယောင်နေကြပါပြီ။ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ခဲ့တဲ့သူတွေတောင် မတရားမှုရဲ့ တံခါးခေါက်သံက သူတို့အိမ်ရှေ့ ရောက်ရှိလာခဲ့ပါပြီ။ လေယာဉ်နဲ့ ဗုံးကြဲတဲ့ဒဏ်ကြောင့် လွင့်ထွက် ပြန့်ကျဲနေတဲ့ စာအုပ်ပိုင်ရှင် ကလေးလေးတွေမှာ ဘယ်လိုအပြစ်‌တွေများ ရှိနေလို့ပါလဲ။ ဘုန်းကြီးကျောင်း တကျောင်းကနေ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်သားတွေက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တခြားရွာက ဘုန်းကြီးကျောင်းထဲ တည့်တည့်ကျပြီး ဆရာတော်ပျံလွန်တော်မူရတာဟာ တော်ရုံအကုသိုလ်တော့ မဟုတ်နိုင်ပါဘူး။ နာကျင်ရတဲ့ဘဝများ အမြန် အေးချမ်းလှည့်ဖို့ ဆု‌တောင်းမိပါတယ်။ ပြည်သူကို ရန်သူလိုသဘောထားသူတွေ ဒီကမ္ဘာမြေမှ အမြန်ကျဆုံး ပျောက်ကွယ်သွားပါစေ။ အေးချမ်းတဲ့ဘဝတွေကို စောင့်ရှောက်ပေးနိုင်သူတွေသာ အဓွန့်ရှည် အနိုင်ရပါစေ။ ခံပြင်း ဒေါသ မျက်ရည်စတွေကနေ တော်လှန် အားမာန်အဖြစ် ပြောင်းကြပါစို့။

ပြည်ပြေးဘဝ၊ ခံစားရလည်း

မကျစိတ်ဓာတ်၊ အောင်ပွဲထပ်ဖို့

စုရပ်တော်လှန်နေဦးမည်။ ။

အာဏာရှင်ရဲ့ အဆုံးစွန်ထိ ရက်စက်မှုအောက်မှာ ဖီဆန်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားလာနေရပါတယ်။ စား၊ ဝတ်၊ နေ၊ ရေး မပြည့်စုံမှု၊ ပညာရေး၊ လူမှုရေး ထိခိုက်နစ်နာမှုများနဲ့အတူ ပြည်သူဟာ စိတ်နှလုံးထိပါ နုံးချိလာနေကြပါတယ်။ ဒါတွေကို ပြန်လည်အားတင်းကာ ရရာ ကြိုးစားပြီး လောကဓံကို အန်တုနေကြပါတယ်။ ပြည်တွင်းက မလုံခြုံမှုတွေလိုပဲ ပြည်ပရောက်ပြည်သူတွေဟာလည်း တွယ်ရာမဲ့ဘဝမှာ လေတိုက်တိုင်း ယိမ်းရတဲ့ ပိန်းပင်တွေလိုပါပဲ။ ကြိုးစားဝင့်ကြွားရပေမယ့် ကယ်သူမရှိတဲ့အခါ ဘေးကြုံတိုင်း အားကိုးရာမဲ့ပါပဲ။ ငါတို့ ခေါင်းဆောင်ရယ်လို့ မားမားမတ်မတ် ရပ်တည်နိုင်သူ မရှိတဲ့အခါ နိုင်ငံမဲ့များရယ်လို့ အနှိမ်ခံဘဝများအဖြစ် မျက်နှာအောက်ချ ဖြတ်သန်းနေကြဆဲပါ။ နေရာတကာမှာ တရားမဝင် လုပ်ကိုင် နေထိုင်ကြရတာဟာ ပရမ်းပတာတစုရဲ့ အဆုံးစွန်ထိ ယုတ်မာ ရက်စက်မှုတွေကြောင့်ပါပဲ။

ဖီဆန်သူတွေဟာ တိုင်းပြည်အတွက်နဲ့ မိသားစုအတွက် အရှက်ကိုဘေးဖယ် သိမ်ငယ်မှုကို သိုဝှက်ရင်း  ကြိုးစား ရုန်းကန်နေကြပါတယ်။ တချိန်က ရွှေထီးဆောင်းတဲ့ ဘဝတွေကို ခဝါချ၊ မတန်မရာအလုပ်တွေမှာ အလိုက်သင့်စီးမျော၊ ကြိုးစားမှုတို့ အဟောသိကံ မဖြစ်ဖို့ စိတ်အားထက်သန်ကြပါတယ်။ အားနည်းသူချင်း ဖေးမကာ စက်မရှိ၊ တက်မရှိ ဘဝမှာ၊ လက်ချည်းဗလာ လှော်ခတ်ရင်း ပန်းဗေဒါလမ်းစဉ် လိုက်နေကြရပါတယ်။ အနိုင်ကျင့်မှုတွေကို အင်အားအဖြစ် အသုံးချကာ ချီတက်၊ ရှေ့ဆက်နေကြပါတယ်။ ကျတာ ပြန်ထတတ်တဲ့ ပစ်တိုင်းထောင်တွေလို၊ သားရွှေအိုးထမ်း ပြန်လာတာ မြင်ရဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ အနိုင်ကျင့်မှုတွေကို တွန်းလှန်ဖို့ ဓမ္မသည်သာ အနိုင်ရဖို့ ဆုတောင်း ကြိုးစားနေကြပါတယ်။ ဒီလိုအချိန်မှာ တေးသံရှင် စိုင်းထီးဆိုင်ရဲ့ အောက်ပါ တေးစာသားလေးတွေကိုလည်း နားထဲ ကြားယောင်လာမိပါရဲ့။

ဒီလိုအခြေအနေထက် အဆပေါင်းတရာ ပိုဆိုးတဲ့

ဘဝပျက်ကိုတောင်မှပဲ ဖြတ်ကျော်လာနိုင်ပြီပဲ။

ဒီလိုအချိန်ကောင်း ခရီးပန်းတိုင်မြင်ရနေခါနီးမှ

ဒူးထောက်မယ် မကြံသေးဘူး။ စိတ်တွေ သံလိုခိုင်ပြီ။ ။

ဖီဆန်သူတွေဟာ ရောက်ရာနေရာမှာ ကျရာ နိုင်တာ တာဝန်ထမ်းရင်း စား ဝတ် နေ ရေး အတွက် ရရာအလုပ်ကို မရှက်မကြောက် လုပ်ကိုင်ကြိုးစားနေကြပါတယ်။ လက်ချည်းဗလာနဲ့ စခဲ့တဲ့ ဘဝတွေဟာ သုံးနှစ်တာကာလ အတိုင်းအတာမှာ ‌အရာရာ တိုးတက်လာခဲ့တာတော့ မငြင်းနိုင်ပါဘူး။ နေရာတကာက အောင်မြင်မှုတွေကို အားအင်အဖြစ်ပြောင်းလို့ နိုင်ငံ‌တိုးတက်ကောင်းစားရေးဆီသို့ ချီတက်နေကြပါတယ်။ တယောက်တက် တယောက်ဆုတ်၊ တယောက်ဆင်း တယောက်တက် ရှေ့ဆက်နေကြပါတယ်။ အောင်မြင်မှုအတိုင်းအတာဟာ သုံးနှစ်တာကာလနဲ့ ယှဉ်ရင်၊ ငွေကြေးတောင့်တင်းမှုနဲ့ ယှဉ်ရင် မယုံနိုင်စရာ တိုးတက်မှုပါပဲ။ ရန်သူတောင် အံ့ဩကြောက်လန့်ရတယ်ဆိုတာ ဘာမှ မရှိ မသိတဲ့ ဘဝတွေကနေ စိတ်တခုဆောင် ကြိုးစားခဲ့လို့ပါပဲ။ မကြာခင်မှာပဲ စေတနာမှန်သူတို့ရဲ့ ကြိုးစားမှုတွေဟာ အရာထင်နိုင်ကောင်းပါတယ်။ ရောင်နီမျှော်သူတွေအတွက် အချိန်မလွန်ခင် ကံကောင်းမှုတွေ ဆောင်ကြည်းလာနိုင်ပါစေ။ မြန်မာပြည် အမြန်ဆုံး အေးချမ်းပါစေ။ တပြိုင်တည်း ဟိုစဉ်က တောင်ပေါ်ဘုရားသွားဖူးရာမှာ ဆိုခဲ့ဖူးတဲ့ သီချင်းလေးတွေကို သတိရပြီး အခုလို သီဆိုနေမိပါတော့တယ်။

အားမလျှော့နဲ့ ရောက်တော့မည်

အနီးကလေးရှိပါသည်။

ကုသိုလ်ရေးမို့ အရေးကြီးသည်

ဘိုးဘိုးကြီး “မ” မည်။ ။

သန့်ကေသာ (စီဒီအမ် ပညာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024