Home
ဆောင်းပါး
ရှင်နာဝပ်မျိုးရိုးစဉ်ဆက် ဝန်ကြီးချုပ်ကံကြမ္မာကို ဖဲထောင်းထန်းလက်ထက်မှာ ရှောင်လွှဲနိုင်မလား
DVB
·
August 23, 2024
Photo-Reuters

ဩဂုတ်လ ၁၈ ရက်နေ့ဟာ ဖအေနဲ့ သမီးကြားက ထူးခြားတဲ့ ဆက်နွှယ်မှုအတွက် ပြီးပြည့်စုံတဲ့ နေ့ရက်လေး ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာ ဖွေ့ထိုင်းပါတီ ခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ နန်းတွင်း ပြန်တမ်းဝင် ထုတ်ပြန်ချက်နဲ့အတူ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

သမီးဖြစ်သူ ဝန်ကြီးချုပ် ဖြစ်တဲ့နေ့ဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် တော်ဝင်လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ ခံဝန်ချုပ်သက်တမ်း ကုန်ဆုံးတဲ့နေ့ရက်နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စ ဖဲထောင်းထန်းက ရှင်နာဝပ် မျိုးရိုးစဉ်ဆက်မှ ဝန်ကြီးချုပ်တာဝန် ထမ်းရွက်ခဲ့ကြတဲ့ ဖခင် သက်ဆင်၊ ဦးလေးတော်စပ်သူ ဆုမ်ချိုင်း ဝုန်းဆဝပ်နဲ့ အဒေါ်ဖြစ်သူ ယင်လတ် ရှင်နာဝပ်တို့အပေါ် ကျရောက်ခဲ့တဲ့ ကံကြမ္မာကို သူ့အနေနဲ့ ရှောင်လွှဲနိုင်အောင် လုပ်ဆောင်သွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

သက်ဆင် ရှင်နာဝပ်ဟာ ၂၀၀၆ စစ်အာဏာသိမ်းမှုကြောင့် ဝန်ကြီးချုပ်တာဝန် စွန့်လွှတ်ခဲ့ရသလို ဆုမ်ချိုင်းနဲ့ ယင်လတ် အစိုးရတို့ ၂၀၀၈ နဲ့ ၂၀၁၄ ခုနှစ်မှာ တာဝန်ကနေ အသီးသီး ရပ်စဲခံခဲ့ရမှုမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။

ဒီ့အတွက် မစ္စ ဖဲထောင်းထန်းဟာ ဝန်ကြီးချုပ်တာဝန် စယူတဲ့နေ့ကစလို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်သွားရမယ်ဆိုတာ ကောင်းစွာ သိမြင် နားလည်ထားပါတယ်။

နှစ်လိုဖွယ်အရည်အချင်းများနှင့် ဖမ်းစားခြင်း

မစ္စ ဖဲထောင်းထန်းအဖို့ နောက်လာမယ့် ၂၀၂၇ အထွေထွေရွေးကောက်ပွဲအထိ ဝန်ကြီးချုပ် တာဝန်ကို ဆက်ထမ်းရွက်နိုင်မလား ဆိုတဲ့အချက်က နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတရပ် ဖြစ်နေပါတယ်။

သူ့အနေနဲ့ သူ့ရှေ့က တနှစ်နီးပါးကြာ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဆေထာ ထဝီးဆင်ထံကနေ အရေးပါတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို လက်လွှဲ တာဝန်ယူသွားရဖို့ရှိသလို ဖွေ့ထိုင်းပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်ဖြစ်တဲ့ ဒီဂျစ်တယ်ပိုက်ဆံအိတ် ထုတ်ပေးရေး အစီအစဉ်နဲ့ ပတ်သက်လို့လည်း ဆက်လက် အကောင်အထည်ဖော်သွားရမှာပါ။

ဒီဂျစ်တယ်ပိုက်ဆံအိတ် ထုတ်ပေးရေးအစီအစဉ် ဆိုတာကတော့ တနှစ်စာဝင်ငွေ ဘတ် ၈၄၀,၀၀၀ မရှိတဲ့ အသက် ၁၆ နှစ်အထက် နိုင်ငံသားတိုင်းကို ဘတ် ၁၀,၀၀၀ ထုတ်ပေးမယ့် အစီအစဉ်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင် ရင်းနှီးလုပ်ကိုင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေး ရေရှည်တည်တံ့မှုနဲ့ အစီအစဉ်ရဲ့ ထိရောက်မှုတို့နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း ဆက်ရှိနေပါတယ်။

နောက်ပြီး မစ္စတာ ဆေထာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ရာထူးကနေ ထုတ်ပယ်လိုက်မှုဟာ အစိုးရဆုံးဖြတ်ချက်တွေမှာ တိုက်ရိုက် ပိုမိုလွှမ်းမိုးနိုင်ဖို့ လုပ်ဆောင်နေတဲ့ သက်ဆင်ရဲ့ ကြိုးပမ်းမှုတွေကို လက်တုံ့ပြန်လိုက်တဲ့ ရှေးရိုးစွဲဝါဒီသမားတွေရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မစ္စ ဖဲထောင်းထန်းဟာ ရှင်နာဝပ် မိသားစုဝင် ဖြစ်တဲ့အတွက် ရှင်နာဝပ် မျိုးဆက်ရဲ့ ကောင်းမွေ ဆိုးမွေတွေကိုလည်း ဆက်ခံသွားရမှာပါ။ ဖွေ့ထိုင်းပါတီ ပဲ့ကိုင်ရှင် သက်ဆင်ဟာ မစ္စတာ ဆေထာ ဝန်ကြီးချုပ်ဖြစ်ချိန်ကာလအတွင်း အစိုးရရေးရာကိစ္စတွေမှာ အမြဲ ပါဝင်ပတ်သက်နေတယ်လို့ သံသယတွေ ထွက်ပေါ်ခဲ့မှုက မစ္စတာဆေထာအတွက် သူ့ရဲ့အမြင် သဘောထားတွေကို ခုခံကာကွယ်တဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက် လမ်းကြောင်းပေါ်ကိုပဲ ပြန်လည်လျှောက်လှမ်းရဖို့ အကြောင်းဖန်လာခဲ့ပုံရပါတယ်။

မစ္စ ဖဲထောင်းထန်းကတော့ မစ္စတာဆေထာလို သံသယတွေရဲ့ အကျိုးဆက်ကို ခံရနိုင်ခြေနည်းပြီး နိုင်ငံကို စီမံအုပ်ချုပ်ရာမှာ ဖခင်ဖြစ်သူရဲ့ အကြံဉာဏ်ရယူသွားဖို့ သူ့ရဲ့ အဆင်သင့်ဖြစ်မှုကို ဟန်ဆောင်ဖုံးကွယ်တာမျိုးလည်း မရှိပါဘူး။

ဒါဟာ ကာလတိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ ကျန်ရှိနေတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်သက်တမ်း အတွက် ဘုရင်စနစ်နဲ့ စစ်တပ်ထောက်ခံ ရှေးရိုးစွဲ အုပ်စုတွေနဲ့ကြားက တင်းမာမှုတွေကို ဘယ်လို ပဲ့ကိုင်ထိန်းကျောင်းသွားမလဲဆိုတဲ့ သဲလွန်စတခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဖွေ့ထိုင်းပါတီက တက်လာတဲ့ ဝန်ကြီးချုပ်မှန်ရင် ရှင်နာဝပ် မိသားစုရဲ့ ဩဇာလောင်းရိပ် အောက်က လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

မစ္စ ဖဲထောင်းထန်းရဲ့ နိုင်ငံရေးသမားဘဝ ထွန်းသစ်စနေ့ရက်တွေလို့ ဆိုရရင် ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ဖွေ့ထိုင်းပါတီရဲ့ အကြီးအကဲအဖြစ် မိတ်ဆက်ခြင်းခံခဲ့ရပြီး ဝန်ကြီးချုပ် ဆေထာ ထဝီးဆင် လက်ထက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ National Soft Power Strategy Committee ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

သူ့အနေနဲ့ သက်ဆင် ပြိုလဲရေးကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကြာ ကြိုးပမ်းခဲ့တဲ့ စစ်တပ်နဲ့ ရှေးရိုးစွဲအုပ်စုတွေရဲ့ ထောက်ခံအားပေးမှုကို ရရှိဖို့ သူ့မရဲ့ နှစ်လိုဖွယ် အရည်အသွေးတွေကို အသုံးပြုသွားနိုင်ခြေ ရှိပါတယ်။

သူ့ရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ထောင်လွှားမှုမရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ ရှေ့ဆက်ရမယ့် ခရီးအတွက် အဓိက အားကိုးအားထားပြုသွားရမယ့် ဉာဏ်ပညာလက်နက်တွေ ဖြစ်လာနိုင်ပါတယ်။

တရားရေးအာဏာသက်ရောက်မှု

ရှေးရိုးစွဲဝါဒီသမားတွေကို စည်းရုံးသိမ်းသွင်းနိုင်ရေး ကြိုးပမ်းမှုစိတ်ကူးဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ မစ္စ ဖဲထောင်းထန်းရဲ့အဒေါ် ယင်လတ်ဟာလည်း ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က သူ့ရဲ့ စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်ဘဝကနေ ရှုပ်ထွေးပွေလီတဲ့ ကိစ္စများမြောင် အစိုးရဘောင်ကို ဝင်ရောက်လာခဲ့ချိန်မှာ အဲဒီ   နည်းလမ်းအတိုင်း လျှောက်လှမ်းခဲ့ပြီး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အဆုံးမှာတော့ သူနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့တယ်လို့ ထင်မှတ်ခဲ့တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရပြီး တရားစွဲ အရေးယူတာတွေပါ ခံခဲ့ရပါတယ်။

ဒါကြောင့် မစ္စ ဖဲထောင်းထန်းရဲ့ ကံကြမ္မာဟာလည်း ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ်များစွာကြာ လွှမ်းမိုးထားခဲ့တဲ့ စစ်တပ်ရဲ့လက်ထဲမှာပဲ ရှိနေတယ်လို့ ရိုးရှင်းစွာ ကောက်ချက်ချလို့ ရနိုင်ပါတယ်။

ဒါပေမဲ့ ပြောင်းလဲသွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ စောဒကတက်မယ်ဆို တက်နိုင်ပါတယ်။ ယင်လတ် အစိုးရတုန်းက အစ်ကိုဖြစ်သူ သက်ဆင် ပြည်တော်ဝင်နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို အတည်ပြုဖို့ ကြိုးစားတဲ့အတွက် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်သလို သက်ဆင်မျိုးဆက်ကို ဆန့်ကျင်တဲ့ ရှပ်ဝါ ဆန္ဒပြ လှုပ်ရှားမှုတွေဟာလည်း ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်တို့မှာ မုန်တိုင်းထန်ခဲ့သလိုမျိုး မရှိတော့တာ တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်စေ မစ္စ ဖဲထောင်းထန်း အနေနဲ့ မဖြစ်မနေ ရွေးချယ်ရမယ့် လမ်းဆုံလမ်းခွကို ရောက်လာမယ် ဆိုရင်တောင် စိတ်မချမ်းမြေ့ဖွယ် အန္တရာယ်အခြေအနေနဲ့ ရင်ဆိုင်သွားရနိုင်ခြေ နည်းပါတယ်။ စစ်တပ်က သူ့ကို ဖြုတ်ချချင်တယ် ဆိုရင် စစ်တပ်အနေနဲ့ လက်နက်အားကိုးစရာ မလိုတဲ့ အနေအထားဆိုတာ ခါးသီးတဲ့ ပကတိအမှန်တရားပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဟာ လူကြိုက်များတဲ့ နိုင်ငံရေးပါတီတွေနဲ့ ရန်လိုတတ်တဲ့ ဝန်ကြီးချုပ်တွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေကို ဖယ်ရှားခြင်းအားဖြင့် ရှေးရိုးစွဲဝါဒီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်သွားဖို့ ရှုမြင်ထားသလို စစ်တပ်က အာဏာသိမ်းတာထက် တရားရေး အာဏာသိမ်းမှုက နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ပိုလို့ လွယ်လင့်တကူ ရှောင်လွှဲနိုင်တာလည်း ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအတွက် ကောင်းမွန်တဲ့ အလားအလာတခုကတော့ မစ္စ ဖဲထောင်းထန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ တရားရေးအာဏာ တိုးချဲ့လာမှုနဲ့ ထင်သာမြင်သာတဲ့ တရားဝင် အငြင်းပွားဖွယ်ရာ ကိစ္စတွေကို တည့်မတ် ထိန်းကျောင်းသွားဖို့ လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားပုံ ရပါတယ်။

သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်သူတွေထဲမှာ မစ္စတာ ဆေထာရဲ့ ယခင် အစိုးရဝန်ကြီးများအဖွဲ့မှ အငြင်းပွားဖွယ်ရာ လူပုဂ္ဂိုလ်တချို့ ပါဝင်ခြင်းမရှိတာကို ကြည့်ရင် ရှေ့ဆက်ရမယ့်ခရီးမှာ သူလုပ်ဆောင်ရမယ့်အပိုင်းနဲ့ ပတ်သက်ပြီး အသေအချာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သွားမယ်ဆိုတဲ့ သူ့ရဲ့စိတ်ပိုင်းဖြတ်ထားမှုကို သိမြင်နိုင်ပါတယ်။ အစိုးရအဖွဲ့အတွက် ဝန်ကြီးတွေကို ရွေးချယ်ရာမှာလည်း သူကိုယ်တိုင် အနီးကပ် ကြည့်ရှု စစ်ဆေးသွားမယ်ဆိုတာ အသေအချာပါပဲ။

ဟယ်ရစ်ဆင်ချန်း

Ref: CNA 

(စင်ကာပူအခြေစိုက်  Channel News Asia - CNA သတင်းဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Harrison Cheng ရေးသားထားသည့် “New Thai PM Paetongtarn Shinawatra has a clear-eyed view of the risks she faces from day one” ဆောင်းပါးကို ဘာသာပြန် ဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013