ထိုင်းနိုင်ငံအရှေ့ပိုင်း ချချောင်းဆောင်ပြည်နယ်မှာ လူ ၉ ယောက် လိုက်ပါလာတဲ့ လေယာဉ်ငယ်တစီးပျက်ကျရာ နေရာကို သြဂုတ် ၂၃ ရက်မှာ ထိုင်းရဲတပ်ဖွဲ့ မှုခင်းဆေးပညာဌာနနဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေပြီး အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
ထိုင်းလေကြောင်းဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က ပိုင်ဆိုင်တဲ့ ဆက်စ်နာ ကာရဗန် လေယာဉ်ဟာ တရုတ်နိုင်ငံမှ ခရီးသွား ၅ ယောက်နဲ့ လေယာဉ်မှူး ၂ ယောက် အပါအဝင် ထိုင်းလူမျိုး ၄ ယောက်ကို တင်ဆောင်ကာ ထိုင်းနိုင်ငံအရှေ့ပိုင်း သရာ့ထ်ပြည်နယ်ကို ဦးတည် ထွက်ခွာလာခဲ့တာပါ။
လေယာဉ်ဟာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ပျံတက်ပြီး ၁၁ မိနစ်အကြာမှာပဲ မြေပြင်ထိန်းချုပ်မှုနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။
လေယာဉ်ဟာ ချချောင်းဆောင်ပြည်နယ်ထဲမှာ ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည်တွေနဲ့ လေယာဉ်မှူး၊ လေယာဉ်ဝန်ထမ်းတွေ အားလုံး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ချွန်လတီ ယွန်ထရွန်က ပြောကြားခဲ့ပါတယ်။
ရှာဖွေရေးလုပ်ငန်းကို ကြာသပတေးနေ့ညက စတင်ခဲ့ပြီး လေယာဉ်ပျက်ကျထားတဲ့နေရာက ရွှံ့တွေ ဗွက်တွေထဲမှာ သောကြာနေ့အထိ ရှာဖွေရေး ဆက်လုပ်ခဲ့ပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး တွေ့ရှိထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း မှုခင်းဆေးပညာအရ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Source-Reuters