Home
မြန်မာသတင်း
ကော်သူးလေတပ်ဖွဲ့ဝင်  ၁ ဦး ထိုင်းတွင်အသတ်ခံရ
DVB
·
August 23, 2024
Photo Crd-KTLA

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုမ့်ဖန်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၅ ရက်လောက်က KTLA ကော်သူးလေကရင်တပ်ဖွဲ့ဝင်တဦး  ရဲဒင်းနဲ့အခုတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ 

KTLA က ဒုတပ်ခွဲမှုးအဆင့်ရှိ ရဲထက်ဇော် ( ၂၂ နှစ် ) ဟာ  ဩဂုတ် ၁၉ ရက် မနက် ၅ နာရီလောက်က ထိုင်းဘက်ခြမ်း အုမ့်ဖန်မြို့ ရှိ ဆဲဗဲင်းအလဲဗင်းကုန်စုံဆိုင်မှာ အဖွဲ့အစည်းအတွက် ရိက္ခာလာဝယ်စဉ် လူတစုရဲ့ ရန်စခြင်းခံရပြီး ရဲဒင်းနဲ့အခုတ်ခံရလို့ သေဆုံးသွားခဲ့တာပါ။

တရားခံတွေဘယ်သူဆိုတာ ဒေသခံတွေသိပေမဲ့ ခုထိဖမ်းဆီးအရေးယူတာ မရှိသေးဘူးလို့  KTLA  ဒုမှုခင်းစစ်ဆေးရေးအရာရှိ တပ်ခွဲမှူး စောခွန်သော်က DVB ကို ပြောပါတယ်။ 

“သူက အဲဒီလိုတွေနဲ့လည်းမသိပါဘူး။ ရန်ငြိုးရန်စလည်းမရှိပါဘူး။ သက်သက်မဲ့ အသတ်ခံရတာ။ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ ကျနော်တို့ အုမ့်ဖန်ရဲစခန်းမှာ တိုင်ကြားထားတယ်။ ခုထိ ဘာမှအကြောင်းမထူးဘူး။ သူ့ကိုရန်စတဲ့လူတွေ ဘယ်သူလဲဆိုတာ ရပ်ကွက်ထဲကလူတွေသိတယ်။ တာဝန်ရှိသူတွေနဲ့ ပတ်သက်တဲ့လူတွေလို့ပြောတယ်။ သူတို့က အခုထိအဖမ်းမခံရဘဲ သူတို့အိမ်မှာသူတို့အေးဆေးနေတာလဲသိတယ်။ တာဝန်ရှိသူတွေက မဖမ်းဘူး၊ ဒီကြားထဲ အမှုကို နောက်ဆုတ်ဖို့ ဘတ်ငွေ ၁ သိန်းနဲ့ ကြားလူကနေတဆင့် လာညှိ တာရှိတယ်၊ အမှုဆက်လုပ်ရင် နောက်ကိုထိုင်းဘက်ခြမ်း ပေးမဝင်ဘူး။ ဂိတ်ပိတ်လိုက်မယ် လို့လည်း ခြိမ်းခြောက်တယ်။”

တပ်ဖွဲ့ဝင်တယောက်လုံးဆုံးရှုံးရတာ လျော်ကြေးငွေမလိုချင်ပဲ ဖြစ်ရပ်မှန်နဲ့ တရားမျှတမှုကိုပဲ လိုလားတယ်လို့  ဆိုပါတယ်။

ရဲထက်ဇော်ရဲ့ အလောင်းကို အုမ့်ဖန်ရဲစခန်းဘေး နာရေးအဆောင်မှာပဲထားရှိပြီး ခုထိ မသင်္ဂြိုဟ်ရသေးကြောင်း ၊ အုမ့်ဖန်ဒေသခံတွေကတော့  အမှုမပြီးမချင်း မသင်္ဂြိုဟ်ဖို့ အကြံပြု ထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  Channel 7 ထိုင်းရုပ်သံသတင်းမှာတော့ ရဲထက်ဇော်ဟာ ကုန်စုံဆိုင်မှာ ဆိုင်ကယ်နဲ့ ဈေးလာဝယ်စဉ် လူတစုက အဲဒီနားမှာ ဝိုင်းဖွဲ့ပြီး အရက်သောက်နေကြတယ်၊ သူ့နားလာပြီး မှတ်ပုံတင်စစ်တယ်၊ အဲဒီနောက် စကားများပြီး သူ့ကိုလိုက်လုပ်တယ်၊ သူကရပ်ကွက်ထဲလှည့်ပတ်ထွက်ပြေးနေပြီး အနောက်မှာ လူတယောက်က ရဲဒင်းနဲ့ လိုက်ခုတ်နေတဲ့ပုံတွေ စီစီကင်မရာမှာတွေ့တယ်လို့ ထုတ်လွှင့်သွားပါတယ်။

ဒီနောက် ရဲထက်ဇော်က အနီးနားရှိအိမ်ဝင်းတထဲပြေးဝင်သွားတယ်၊ အဲဒီအိမ်ဟာ ဒေသတွင်း နိုင်ငံရေးသမားတယောက်ရဲ့ နေအိမ်ဖြစ်တယ်၊  နောက်ကလူကလည်း အိမ်ဝင်းထဲ ထိလိုက်လာပြီး သူ့ခေါင်းကိုရဲဒင်းနဲ့ ခုတ်တယ်၊ ခဏအကြာ ရဲနဲ့  အရေးပေါ် လူနာ တင်ကားရောက်လာပြီး သူ့ကို အုမ့်ဖန်ဆေးရုံပို့လိုက်တယ်၊ ဆေးရုံရောက်ပြီး မကြာခင် သေဆုံး သွားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဒေသခံတွေကြားမှာလည်း ထိတ်လန့်မှုရှိနေပြီး ကျူးလွန်သူကို အမြန်ဖမ်းဆီးအရေးယူစေချင်တယ်၊ မဟုတ်ရင် နောက်လူတွေကို ဆက်လုပ်မှာစိုးတယ်၊ ဒါကြောင့် ရဲတပ်ဖွဲ့ကို ဖမ်းဆီးအရေးယူဖို့  တိုက်တွန်းတယ်။ ရဲစခန်းကလည်း တရားခံဟာ ရဲစခန်းမှာလာရောက်အဖမ်းခံပြီးပြီလို့ ပြောပေမဲ့ ဘယ်သူဘယ်ဝါ၊ ဘယ်လိုအရေးယူမလဲ ဆိုတာလည်း  ထုတ်ပြန်တာမရှိဘူးလို့  ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။ 

Source- CH7 TV News /  CH8 Thai TV News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013