Home
နိုင်ငံတကာ
ထိုင်းတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံလူနာ ၁၉၀ ကျော်ကို ဓာတ်ခွဲစမ်းသပ်
DVB
·
August 20, 2024

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ Mpox ကူးစက်ခံလူနာ ၁၉၁ ယောက်ကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာ ဗိုင်းရပ်စ်ပိုးတွေဟာ Clade 2 အမျိုးအစားဖြစ်ပြီး အမျိုးအစားခွဲ ၈ မျိုးထဲမှာ ပါဝင်ပြီး C.1 အမျိုးအစားခွဲ အများစုကို တွေ့ခဲ့တာလို့ ဆေးသိပ္ပံဌာနက ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။

ဂျီနိုမ်မျိုးဗီဇ စိစစ်ခြင်းနည်းလမ်း တခုလုံးကို သုံးပြီး စစ်ခဲ့လို့ မျိုးကွဲတွေဟာ A.2, A.2.1, B.1, B.1.12, B.1.3, B.1.7, C.1 နဲ့ C.1.1 တို့ဖြစ်နေတာ တွေ့ခဲ့တယ်လို့ ဆေးသိပ္ပံဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယွန်ယို့ ထမဝပ်က ပြောပါတယ်။

ကူးစက်မှု စုစုပေါင်းရဲ့ ၈၅ ဒသမ ၃၄ ရာခိုင်နှုန်း ဟာ C.1 အမျိုးအစားဖြစ်ပြီး တခြား ကူးစက်မှုတွေက A.2.1 ( ၅ ဒသမ ၇၆ ရာခိုင်နှုန်း)၊ C.1.1 ( ၃ ဒသမ ၆၆ ရာခိုင်နှုန်း) နဲ့ A.2 ( ၂ ဒသမ ၀၉ ရာခိုင်နှုန်း) တို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လွှမ်းမိုးထားတဲ့ မျောက်ကျောက်ရောဂါမျိုးကွဲ C.1 ဟာ Clade 2 ရဲ့ မျိုးကွဲဖြစ်ပြီး အာဖရိကမှာ လက်ရှိပျံ့နှံ့နေတဲ့ မျိုးကွဲနဲ့ မတူပါဘူး။

Clade 1 ဟာ မူလမျိုးကွဲဖြစ်ပြီး အခုတော့ ပိုလွယ်လွယ် ကူးစက်နိုင်တဲ့ Clade 1b အဆင့်ကို ကူးပြောင်းသွားပြီဖြစ်လို့ ၄ နာရီအတွင်း လူနာတဦးနဲ့ အနီးကပ် အတူရှိနေရင် ကူးစက်ခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာတွေ့ရတဲ့ Clade 2 ရဲ့ C.1 အမျိုးအစားဟာ အာဖရိကမှာတွေ့ရတဲ့ ရောဂါပိုး Clade 1 ထက် အဆမတန် ပြင်းထန်ပေမဲ့ သေဆုံးမှုနှုန်းက ၁ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိတယ်လို့လည်း ဆေးသိပ္ပံညွှန်ချုပ်က ပြောပါတယ်။

C.1 အမျိုးအစားခွဲဟာ ကူးစက်နိုင်မှုနည်းပြီး ပုံမှန်ကိုယ်ခံအားအဆင့်ရှိသူတွေမှာ အပျော့စား လက္ခဏာတွေ ဖြစ်စေနိုင်တယ်လို့လည်း သူကပြောပါတယ်။

ထိုင်းဆေးသိပ္ပံဌာနနဲ့ ရောဂါထိန်းချုပ်ရေးဌာနတို့ဟာ ထိုင်းနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ Mpox အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရောဂါဖြစ်နိုင်တဲ့ လက္ခဏာနဲ့ ပုံစံတွေကို သိနိုင်ဖို့ အခါအားလျော်စွာ ကျပန်းစမ်းသပ်နေတယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဆေးသိပ္ပံဌာနရဲ့ အမျိုးသားကျန်းမာရေးအင်စတီကျုမှာ မျောက်ကျောက်ရောဂါကို စမ်းသပ်နိုင်တဲ့ ဓာတ်ခွဲခန်း ၆၂ ခုဟာ ပြည်နယ် ၂၄ ခုမှာ ဖြန့်ကျက်တည်ရှိနေပြီး ၂၄ နာရီအတွင်း ရလဒ်တွေကို ပေးဆောင်နိုင်လို့ ထိုင်းနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုကို တားဆီးဖို့ အဆင်သင့်ရှိမှုနဲ့ ထိရောက်မှုရှိတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းကြက်ခြေနီအသင်းက တင်သွင်းတဲ့ မျောက်ကျောက် Mpox ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ရဲ့ ပြင်းထန်တဲ့ လက္ခဏာတွေကို ၆၈ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တယ်လို့ ရာမာထိဗောဓိ ဆေးရုံက ဗိုင်းပ်စ်ဆိုင်ရာ ဓာတ်ခွဲခန်း အကြီးအကဲ ဒေါက်တာ ဝါဆွန် ချန်ထရာထိထာက ပြောပါတယ်။

မျောက်ကျောက် မျိုးဗီဇကွဲ Clade 1b ဟာ မိခင်ကနေ သန္ဓေသားဆီ ကူးစက်နိုင်တာကြောင့် အထူးသဖြင့် ကိုယ်ဝန်ရှိနေရင် ဖြစ်နိုင်ရင် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တာ အကောင်းဆုံးပါလို့လည်း သူက အကြံပြုခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024