ထိုင်းနိုင်ငံ၊ ခရိုင်ပေါင်း ၅၂ ခရိုင်ထဲမှာ လာမယ့် ၂၄ နာရီအတွင်း မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးရေလျှံနိုင်တယ်လို့ ထိုင်းမိုးဇလဗေဒဌာနက ဩဂုတ် ၁၉ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။
လတ်တလော ထိုင်းနိုင်ငံမှာ မုတ်သုံလေဟာ ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသကို ဖြတ်သန်းနေတယ်၊ လာအိုနိုင်ငံမြောက်ပိုင်း၊ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနဲ့ တုံကင်ပင်လယ်ကွေ့တွေမှာ လေဖိအားနည်းရပ်ဝန်းတရပ် ဖြစ်ပေါ်နေတယ်၊ ဒါ့အပြင် အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ ဆက်လက်တည်ရှိနေတယ်လို့ ခန့်မှန်းပါတယ်။
ဒီလက္ခဏာတွေဟာ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့တကွ ဘန်ကောက်ခရိုင်နဲ့ အနီးတဝိုက်ဧရိယာတွေမှာ မိုးသည်းထန်ပြီး ရေကြီးနိုင်တယ်၊ ဒါကြောင့် ရုတ်တရက် ရေကြီး၊ တောင်ကျရေတွေ စုပြုံတာ သတိထားဖို့၊ အထူးသဖြင့် အနိမ့်ပိုင်းဒေသတွေ ပိုသတိထားဖို့၊ ကပ္ပလီပင်လယ်နဲ့ ထိုင်းပင်လယ်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာအထိ တက်တာကြောင့် ပင်လယ်နားနီး နေထိုင်သူတွေ လှေထွက်မယ်ဆိုရင် သတိထားဖို့၊ မိုးသားကျူးနေတဲ့ နေရာတွေကို ရှောင်ရှားဖို့ ထိုင်းမိုး ဇလက သတိပေးထားပါတယ်။
ဒီမနက် ၆ နာရီမှ နက်ဖန်မနက် ၆ နာရီထိ ခန့်မှန်းချက်ကတော့ ထိုင်းမြောက်ပိုင်းမှာ ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်၊ အထူးသဖြင့် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းပွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ တာ့ခ်၊ ဗီစနုလုတ်၊ ဖစ်ချဘွန်း စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန်မှာ အနိမ့်ဆုံး ၂၄ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အရှေ့တောင်လေတိုက်နှုန်း တစ်နာရီလျှင် ၅ မှ ၁၅ ကီလိုမီတာထိ ရှိနိုင်ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းမှာ ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်၊ အထူးသဖြင့် လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ ကာလာဆင်၊ မုဒ်တာဟန်၊ ချိုင်းယဖုမ်း၊ နခွန်းရာ့ချ်ဆီမား စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန်မှာ အနိမ့်ဆုံး ၂၄ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၃၆ ဒီဂရီစင်တီဂရိတ်နဲ့ အရှေ့တောင်လေတိုက်နှုန်း တစ်နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိနိုင်ပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဧရိယာရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်၊ အထူးသဖြင့် နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ လုပ်ပူရီ၊ စမွတ်ဆုန်ခလမ်း၊ အယုဒ္ဓယ စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန်မှာ အနိမ့်ဆုံး ၂၆ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံး ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အနောက်တောင်လေတိုက်နှုန်း တစ်နာရီလျှင် ၁၀ မှ ၂၅ ကီလိုမီတာထိ ရှိနိုင်ပါတယ်။
ထိုင်းအရှေ့တောင်ပိုင်းမှာ ဧရိယာရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်၊ အထူးသဖြင့် နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တလတ် စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန်မှာ အနိမ့်ဆုံး ၂၅ ဒီဂရီစင်တီဂရိတ် မှ အမြင့်ဆုံး ၃၆ ဒီဂရီစင်တီဂရိတ် နဲ့ အရှေ့ တောင်လေတိုက်နှုန်း တစ်နာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာထိ ရှိနိုင်ပါတယ်။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာထိ မြင့်တက်နိုင်ပါတယ်။
ထိုင်းတောင်ပိုင်း ( အရှေ့ခြမ်း ) မှာ ဧရိယာရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်၊ အထူးသဖြင့် ချွန်းဖွန်း၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်၊ ယလား၊ နရာသီဝပ်စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန်မှာ အနိမ့်ဆုံး ၂၃ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အနောက်တောင်လေတိုက်နှုန်း တနာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာထိ ရှိနိုင်ပါတယ်။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာကျော်ထိ မြင့်တက်နိုင်ပါတယ်။
ထိုင်းတောင်ပိုင်း (အနောက်ခြမ်း) မှာ ဧရိယာရဲ့ ၇၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်၊ အထူးသဖြင့် ရနောင်း၊ ဖန်င၊ ဖူးကက်၊ ကရပီ၊ တရန်း၊ ဆဒွန်း စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန်မှာ အနိမ့်ဆုံး ၂၄ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ အနောက်တောင်လေတိုက်နှုန်း တစ်နာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာထိ ရှိနိုင်ပါတယ်။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာကျော်ထိ မြင့်တက်နိုင်ပါတယ်။
ဘန်ကောက်နဲ့ အနီးတဝိုက်မှာ ဧရိယာရဲ့ ၆၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်၊ တချို့နေရာ မိုးသည်းထန်မယ်၊ အပူချိန်မှာ အနိမ့်ဆုံး ၂၆ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၃၆ ဒီဂရီစင်တီဂရိတ် နဲ့ အနောက်တောင်လေတိုက်နှုန်း တနာရီလျှင် ၁၁ မှ ၂၅ ကီလိုမီတာထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းတောင်ပိုင်း ဖူးကက်မြို့မှာ ဒီကနေ့မနက်အစောပိုင်းကစ မိုးသည်းထန်ပြီး ရေကြီးနေတယ်၊ အထူးသဖြင့် ဖူးကက်လေဆိပ်နဲ့ မျက်နှာချင်းဆိုင် လမ်းကြားထဲ ရေတွေဝင်နေလို့ လမ်းတွေပိတ်နေတယ်လို့ ဖူးကက်နက်ခ်ဝေါ့ခ် သတင်းမှာ ဖော်ပြပါတယ်။
Source: TNEWS/ Newshawk Phuket