Home
မြန်မာသတင်း
မြန်မာတွင် မျောက်ကျောက် (Mpox) ရောဂါ အတည်ပြုလူနာမရှိသေး
DVB
·
August 20, 2024
Photo - Reuters

နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထပ်ပြီးကြေညာလိုက်တဲ့ မျောက်ကျောက် (Mpox) ရောဂါကို ၂၀၂၂ ခုနှစ်ကတည်းက စောင့်ကြပ်ကြည့်ရှုနေခဲ့ပြီး လက်ရှိအချိန်အထိ အတည်ပြုလူနာမရှိသေးဘူးလို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC) အဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ ပထမအကြိမ် ထုတ်ပြန် ကြေညာခဲ့တုန်းကပဲ ဖျားတာနဲ့ အနီစက်/အရည်ကြည်ဖုထွက်တဲ့ ရောဂါလက္ခဏာ စောင့်ကြပ် ကြည့်ရှုတာကို နေပြည်တော်၊ တိုင်းနဲ့ ပြည်နယ်တွေက ပြည်သူ့ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေမှာ စဉ်ဆက်မပြတ် ‌ဆောင်ရွက်နေခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားတာ သိသိသာသာကျဆင်းလာတဲ့အတွက် ၂၀၂၃ ခုနှစ်၊ မေ ၁၁ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အခြေအနေအဖြစ်ကနေ ဖြေလျှော့ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတော့ ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုတာကို ဆက်လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာ ၁၂၉ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ပြီး မျောက်ကျောက်ရောဂါ အတည်ပြုလူနာ မရှိသေးဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

မျောက်ကျောက်ရောဂါဟာ အခု ၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုနိုင်ငံနဲ့ အာဖရိကတိုက်က နိုင်ငံတွေမှာ ကူစက်နှုန်းမြင့်လာတာ၊ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ ရောဂါပိုးမျိုးကွဲအသစ် အလျင်အမြန် ကူးစက် ပျံ့နှံ့လာသလို နယ်စပ်ဖြတ်ကျော်နဲ့ နိုင်ငံတကာ ကူးစက်ပျံ့နှံ့တာတွေ ရှိလာလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့မှာ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ မျောက်ကျောက်ရောဂါဟာ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးပေမဲ့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကူးစက် ဖြစ်ပွားတာတွေ ရှိနေလို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ် ဝင်ထွက်ပေါက်တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။

မျောက်ကျောက်ရောဂါဟာ လိင်ကတဆင့် ကူးစက်နိုင်သလို အရေပြားထိတွေ့တာ၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံတာနဲ့ ရောဂါပိုးကပ်ငြိနေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်ထိတွေ့တာ၊ ရောဂါပိုးကူးစက်ခံရတဲ့ တိရစ္ဆာန်နဲ့ တိုက်ရိုက်ထိတွေ့တာတို့ကြောင့် အဓိက ကူးစက်နိုင်ပါတယ်။

အဓိက လက္ခဏာတွေကတော့ ဖျားပြီး မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နဲ့ လိင်အင်္ဂါတို့မှာ အနီကွက်တွေနဲ့အတူ အရည်ကြည်ဖုတွေပေါက်တာ၊ ပြန်ရည်အိတ် (lymph node- lymph node ပေါင်ခြံ၊ လက်မောင်း၊ နားရွက်နောက်၊ ဦးခေါင်းနောက်ဘက်၊ လည်ပင်းနှစ်ဖက်၊ မေးရိုးနဲ့ မေးစေ့အောက်မှာရှိတဲ့ အကျိတ်)တွေ ရောင်ရမ်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သား နာကျင်ကိုက်ခဲတာနဲ့ မောပမ်းနွမ်းနယ်တာ စတာတို့ ဖြစ်ပါတယ်။

အဲဒီလက္ခဏာတွေခံစားရရင် ဒါမှမဟုတ် ရောဂါပိုးတွေ့ရ ာနိုင်ငံတွေက လွန်ခဲ့တဲ့ ၂၁ ရက်အတွင်း ပြန်လာသူတွေနဲ့ ထိတွေ့မိတာမျိုးရှိခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံး သတင်းပို့ပြီး ကုသဖို့ လိုအပ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024