Home
နိုင်ငံတကာ
ဆွီဒင်တွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရ၊ အာဖရိကပြင်ပ ပထမဆုံးကူးစက်မှု ဖြစ်
DVB
·
August 16, 2024
Photo-GOVERNMENT OF SWEDEN

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါ (mpox) ကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ၂ နှစ်တာအတွင်း ဒုတိယအကြိမ် ကြေညာလိုက်ပြီး နောက်တနေ့ သြဂုတ် ၁၅ ရက်က အာဖရိကအပြင်ဘက်မှာ ပထမဆုံး ဖြစ်ပွားမှုအနေနဲ့ ဆွီဒင်နိုင်ငံမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှုကို အတည်ပြုခဲ့ပါတယ်။

အခုနေ့လယ်ပိုင်း ဆွီဒင်မှာ Clade I လို့ ခေါ်တဲ့ ပိုပြီးပြင်းထန်တဲ့ မျောက်ကျောက်အမျိုးအစား ကူးစက်ခံရမှု တခုရှိကြောင်း အတည်ပြုချက် ရထားတယ်လို့ ကျန်းမာရေးနဲ့ လူမှုရေးဝန်ကြီး ဂျက်ကော့ဘ် ‌ေဖာ့စ်မဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ပြည်သူ့ကျန်းမာရေးအေဂျင်စီဟာ နိုင်ငံတော်အဆင့်မှာ လုပ်ငန်းညှိနှိုင်းဆောင်ရွက်နေပြီး ဒေသတွင်း ကူးစက်ရောဂါထိန်းချုပ်ရေး ယူနစ်တွေနဲ့ အနီးကပ် ဆွေးနွေးမှုတွေ လုပ်နေတယ်။”

ဆွီဒင်ရဲ့ ပထမဆုံး လူနာအမျိုးသားဟာ mpox ရဲ့ ဗိုင်းရပ်စ်မျိုးကွဲ Clade I ကြောင့်ဖြစ်ရတဲ့ မျောက်ကျောက်ကူးစက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ အာဖရိကရဲ့ ဒေသတခုမှာ နေထိုင်ချိန်အတွင်းမှာ ကူးစက်ခံခဲ့ရတာဖြစ်ကြောင်း ဆွီဒင် ပြည်သူ့ကျန်းမာရေး အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် အိုလီဗီယာ ဝစ်ဂ်ဇဲလ်က ပြောသွားပါတယ်။

သူဟာ စတော့ဟုမ်းဒေသမှာ ကုသမှုခံယူဖို့ ရှာဖွေနေခဲ့တာဖြစ်ပြီး ကူးစက်ခံရသူကို ကျန်းမာရေးအေဂျင်စီရဲ့ အကြံပြုချက်တွေနဲ့အညီ စောင့်ရှောက်မှုနဲ့ ညွှန်ကြားချက်တွေကို လက်ခံရရှိခဲ့ကြောင်းလည်း ဝစ်ဂ်ဇဲလ်က ပြောကြားခဲ့ပါတယ်။

ဆွီဒင်မှာတော့ ပိုဘေးကင်းပြီး ပိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ လူတွေကို mpox ရောဂါ ရှာဖွေတာ၊ သီးခြားခွဲထားပြီး ကုသဖို့ ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားကြောင်း အကဲဖြတ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ရောဂါစတင်ဖြစ်ပွားခဲ့ရာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကနေ အနီးနား နိုင်ငံတွေဆီ ပျံ့နှံ့ခဲ့တဲ့ မျောက်ကျောက်ရောဂါဟာ အရင်ကထက် ပိုပြင်းထန်ပြီး ကူးစက်မှုကလည်း ပိုပြီးမြန်ဆန်တယ်လို့ ဆိုတဲ့အပြင် အနီးကပ်ထိတွေ့မှုမှတဆင့် ကူးစက်တတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက် mpox နဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013