အမေရိကန်အစိုးရဟာ ဗဟိုအာဖရိကတလွှား ကျောက်ရောဂါ mpox ပျံ့နှံ့မှုကို အနီးကပ် ခြေရာခံ စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပတေးလ်က သြဂုတ် ၁၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ဟာ ပုံမှန်အစီအစဉ်အတိုင်း ကျန်းမာရေးအကူအညီထက် ပိုပြီး ဒေါ်လာ ၁၇ သန်းကျော်ကို အာဖရိကအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ကျောက်ရောဂါ ကူးစက်မှုအတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ တုံ့ပြန်ရေးဆိုင်ရာ ကြိုးပမ်းချက်တွေကို ပံ့ပိုးပေးထားတယ်လို့ ပတေးလ်က လူတွေ့မေးမြန်းချိန်မှာ ပြောပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ကူးစက်ပျံ့နှံ့သွားတဲ့ ကျောက်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အာဖရိက ထိပ်တန်းပြည်သူ့ကျန်းမာရေးအဖွဲ့က ဩဂုတ် ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။
အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန (Africa CDC) ဟာ ဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံ့မှုနှုန်းကို လွန်ခဲ့တဲ့သီတင်းပတ်က သတိပေးခဲ့ပါတယ်။
အနီးကပ်ထိတွေ့မှုကနေ ကူးစက်ပြီး တုပ်ကွေးလို လက္ခဏာတွေနဲ့ ဖျားနာရင်း ပြည်တွေပြည့်နေတဲ့ အနာတွေကို ဖြစ်စေတဲ့ ကျောက်ရောဂါအများစုဟာ အားပျော့ပေမဲ့ လူတချို့အတွက် သေဆုံးနိုင်ပါတယ်။
အခုနှစ်ထဲမှာ အာဖရိကတိုက်က နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ကျောက်ရောဂါဖြစ်ပွားမှု တသောင်းခွဲကျော်နဲ့ သေဆုံးသူ ၄၆၁ ဦးရှိတယ်လို့ ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Source-Reuters