Home
ဆောင်းပါး
ထိုင်းနိုင်ငံထဲအထိ ပြောင်းရွှေ့လာတဲ့ မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းတွေ
DVB
·
August 20, 2024

မြန်မာနိုင်ငံမှာ ယခုနှစ်အစောပိုင်းက ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ကာလရှည်ကြာတဲ့ ပြည်တွင်းက စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ၊ ခိုလှုံသူတွေနဲ့အတူ မြန်မာနိုင်ငံသားပိုင် စားသောက်ကုန်နဲ့ အဝတ်အထည် စတဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ထိုင်းနိုင်ငံမှာ တဖြည်းဖြည်း တိုးပွားလာနေပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ သုံးလအတွင်းမှာ ထိုင်းနိုင်ငံအတွင်းက ၎င်းတို့နဲ့ဆက်နွှယ်တဲ့ ဆွေမျိုး မိတ်ဆွေတွေနဲ့ ပူးပေါင်းပြီး ဒါဇင်နဲ့ချီတဲ့ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်ခြေကုပ်ယူခဲ့ကြတယ်လို့ မြန်မာ့စီးပွားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

“ငွေကြေးဖောင်းပွမှုတွေနဲ့ မငြိမ်သက်တဲ့ ငွေကြေးဆိုင်ရာ စည်းမျဉ်းတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ရတာဟာ တဖြည်းဖြည်း ခက်ခဲလာနေတယ်” လို့ ဘန်ကောက်ကို ပြောင်းရွှေ့လာတဲ့ အမည်မဖော်လိုသူ မြန်မာဖုန်းဆိုင်ပိုင်ရှင်တဦးက နစ်ကီအေးရှား သတင်းဌာနကို ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ အများကြီး တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ရှိပြီး ကျနော်တို့ပစ္စည်းတွေ ထုတ်ကုန်တွေအတွက် ပိုမိုကြီးမားတဲ့ ဈေးကွက်လည်း ရှိပါတယ်။”

အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး စီးပွားရေးဈေးကွက်ရှိပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက လုပ်ငန်း ပြန်လည် စတင်ချင်လိုသူတွေနဲ့ ဈေးကွက်ချဲ့ထွင်လိုသူ စီးပွားရေးသမားတွေအတွက် နေ‌ရာကောင်းတခု ဖြစ်လာနေပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်လေးခုစာနီးပါး သက်တမ်းရှိတဲ့ ချယ်ရီဦး နာရီဆိုင်ဟာ မြန်မာနိုင်ငံအတွင်းက ဆိုင်ခွဲ ၃၈ ဆိုင်အပြင် ထိုင်းနိုင်ငံအတွက် ပထမဆုံး ဆိုင်ခွဲကိုလည်း တနင်္ဂနွေနေ့က ဘန်ကောက်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာ့ရိုးရာအစားအသောက်တွေ ရရှိနိုင်တဲ့ နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းဖြစ်တဲ့ “ခိုင်ခိုင်ကျော်” စားသောက်ဆိုင်လုပ်ငန်းဟာ ဆိုရင်လည်း ထိုင်းနိုင်ငံအတွင်းကို စတင်ဝင်ရောက်လာနေပါပြီ။

“မြန်မာစားသုံးသူတွေရဲ့ ဝယ်လိုအားကြောင့် ကျနော်တို့အနေနဲ့ ဘန်ကောက်မြို့ထဲက တခြား နေရာတခုမှာလည်း ဆိုင်ခွဲထပ်မံဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ခိုင်ခိုင်ကျော် စားသောက်ဆိုင်လုပ်ငန်းရဲ့ မန်နေဂျာ ကိုကျော်ရွှေက မတ်လတုန်းက ဒုတိယမြောက်ဆိုင်ခွဲတခု ဖွင့်လှစ်ပြီးတဲ့နောက်မှာ နစ်ကီအေးရှား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆိုင်ခွဲ ၁၀ ဆိုင်အထိ ရှိလာတဲ့ အဆိုပါ စားသောက်ဆိုင်လုပ်ငန်းဟာ ထိုင်းနိုင်ငံ စားသုံးသူဈေးကွက်ထဲကို နိုဝင်ဘာလကတည်းက စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

“ဆိုင်ခွဲတွေရဲ့ ရောင်းအားက ကောင်းမွန်ပါတယ်” လို့ မန်နေဂျာ ကိုကျော်ရွှေက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့နဲ့ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားမြို့တို့မှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ ၎င်းကဆိုပါတယ်။

“ထိုင်းနိုင်ငံအတွင်းကို စီးပွားရေးချဲ့ထွင်လာမှုတွေဟာ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေအတွက် လုံခြုံစိတ်ချရတဲ့ အာမခံချက်ကြောင့် ဖြစ်တယ်” လို့ ဘန်ကောက်မှာရှိတဲ့ ချူလာလောင်ကွန် တက္ကသိုလ်မှာ မြန်မာနိုင်ငံအကြောင်း လေ့လာနေတဲ့ ဆုလို့ အမည်ဖော်ပြထားသူတဦးက နစ်ကီအေးရှား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“အခုလို စီးပွားရေးချဲ့ထွင်လာမှုတွေဟာ လက်ငင်းအမြတ်ရချင်လို့ သက်သက်မဟုတ်ဘဲ လုပ်ငန်းအခြေခိုင်ဖို့နဲ့ လုံခြုံတဲ့နိုင်ငံမှာ စီးပွားရေးလုပ်ငန်း ပြန်လည်ခြေကုပ်ယူချင်တာတွေကြောင့် ဖြစ်တယ်” လို့ ၎င်းကဆိုပြီး ပြီးခဲ့တဲ့လတွေအတွင်းမှာ မြန်မာစားသုံးသူတွေရဲ့ ဝယ်လိုအားကြောင့် မြန်မာစီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လာတာကို မြင်တွေ့ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဦးရေ မည်မျှရှိသလဲ‌ ဆိုတာကို တရားဝင် စာရင်းအင်းတွေမှာ ဖော်ပြထားခြင်း မရှိပေမဲ့ ယခင်နှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာအရတော့ ၂၀၂၃ ဧပြီလကစပြီး ထိုင်းနိုင်ငံကို ‌တရားဝင်ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၁ ဒသမ ၉ သန်းခန့် ရှိတယ်လို့ သိရပါတယ်။ ယခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်း ခန့်မှန်းချက်တွေအရ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်ရော တရားမဝင် ဝင်ရောက်နေထိုင်သူတွေပါ စုစုပေါင်း ၅ သန်းခန့်ရှိပြီး အများစုဟာ ထိုင်းနိုင်ငံအတွင်းမှာ လက်ရှိ အခြေချနေထိုင်သူတွေ ဖြစ်တယ်လို့ အဆိုပါအစီရင်ခံစာက မှတ်ချက်ပြုပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေမူကြမ်းဟာ စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံတွင်းက လူ‌ငယ်တွေ အစုလိုက်အပြုံလိုက် ပြည်ပသို့ တိမ်းရှောင်ထွက်ပြေးရခြင်းရဲ့ အဓိကစနက် ဖြစ်သွားခဲ့ပါတယ်။ အထက်ပါအခြေအနေရဲ့ ရလဒ်အနေနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အသိုင်းအဝိုင်းနဲ့ မြန်မာဈေးကွက်တွေ တဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ မြန်မာ့ရိုးရာ စားသောက်ဆိုင်တွေကစပြီး ဖုန်းဆိုင်နဲ့ အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်တွေအထိ စီးပွားရေးလုပ်ငန်း အမျိုးမျိုးဟာလည်း တဖြည်းဖြည်း များပြားလာတဲ့ မြန်မာ‌နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တွေ၊ လူသုံးကုန်တွေနဲ့ ဇိမ်ခံပစ္စည်း စတာတွေ ဖြည့်ဆည်းပြီး ဈေးကွက်ချဲ့ထွင်နေကြပါတယ်။

အခုလို ထိုင်းနိုင်ငံအတွင်းကို စီးပွားရေးလုပ်ငန်းတွေ ပြောင်းရွှေ့လာတဲ့ ဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံအတွင်းက စီးပွားရေးဈေးကွက် တ‌ဖြည်းဖြည်း ဆိုးရွားလာနေပြီဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေအတွင်းမှာ စစ်အစိုးရအနေနဲ့ နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အမှုဆောင်တွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေအပေါ် တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာလည်း လူသုံးကုန်ပစ္စည်းတွေ တန်ဖိုးမြင့်မားလာတာရဲ့ နောက်ကွယ်က အချက်တခု ဖြစ်ပါတယ်။ ငွေကြေးဈေးကွက်ကို အခြေခံတဲ့ ငွေလဲလှယ်မှုနှုန်းဟာ လွန်ခဲ့နှစ်က အမေရိကန် တဒေါ်လာကို မြန်မာငွေ ၃,၃၀၀ ကျပ်နဲ့ ညီမျှခဲ့ရာက အခုနှစ်မှာ တဒေါ်လာကို ၅,၅၀၀ ကျပ်အထိ မြင့်တက်လာခဲ့ပြီး သာမန်ပြည်သူတွေအတွက် လူမှုဘဝ နေထိုင်စရိတ်နဲ့ စီးပွားရေးလုပ်‌ငန်းတွေ လုပ်ဆောင်ဖို့ အရင်းအနှီး တန်ဖိုးတွေဟာ ပိုမိုကြီးမြင့်လာခဲ့ပါတယ်။

စစ်အာဏာမသိမ်းမီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ စီးပွားရေးကော်မတီဝင်ဟောင်း ဦးစိန်ဌေးက “သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်တာနဲ့ ပစ္စည်းဖြန့်ချိတဲ့ လမ်းကြောင်းမှာ ကြာမြင့်တာတွေကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုနှုန်းကလည်း တဖြည်းဖြည်း ကျဆင်းလာနေတယ်” လို့ နစ်ကီအေးရှား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ယခင်နှစ် နှောင်းပိုင်းက ပြည်တွင်းစစ်ဖြစ်ပွားမှု အရှိန်မြင့်တက်လာပြီး နောက်ပိုင်းမှာမှ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက သိသိသာသာ ပိုမိုဆိုးရွာလာတာ ဖြစ်ပြီး စားသုံး‌သူတွေအနေနဲ့လည်း ဝယ်ယူနိုင်စွမ်း လျော့နည်းလာတာလို့ ဦးစိန်ဌေးက မြန်မာ့စီးပွားရေး အခြေအနေအပေါ် ရှုမြင်သုံးသပ်ထားပါတယ်။

“အဆိုပါပြဿနာတွေဟာ အခြေခံရောင်းကုန်တွေကို အဆမတန် ဈေးတက်သွားစေပြီး အပြန်အလှန်အနေနဲ့ ဈေးကွက်ဝယ်လိုအားကိုလည်း သိသိသာသာ ကျဆင်းသွားစေပါတယ်။ ရလဒ်အနေနဲ့ နိုင်ငံလုံးဆိုင်ရာ စားသုံးသူဈေးကွက်ဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ဝယ်လိုအားလည်း ပိုမိုကျဆင်းသွားဖို့ ဦးတည်နေပါတယ်။”

ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၃၂ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ အဆိုပါကိန်းဂဏန်းတွေဟာ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရကို စစ်တပ်က အာဏာမသိမ်းခင် တနှစ်အလိုဖြစ်တဲ့ ၂၀၂၀ ခုနှစ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်း ၁၇ ဒသမ ၄ ရာခိုင်နှုန်းထက် နှစ်ဆခန့် မြင့်တက်သွားတာ ဖြစ်ပါတယ်။

အခုလို စီးပွားရေးဈေးကွက် ပျက်စီးတာ၊ အခြေခံဝယ်လိုအား အဆမတန် ကျဆင်းလာတာ၊ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသား စားသုံးသူ များပြားလာတာနဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို လုံခြုံစိတ်ချရတဲ့နိုင်ငံကို ပြောင်းရွှေ့လာတာတွေက ထိုင်းနိုင်ငံအတွင်းက မြန်မာပိုင် စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်း ကျယ်ပြန့်လာစေဖို့ အထောက်အကူပြုနေတဲ့ အချက်တွေ ဖြစ်ပါတယ်။

တချို့သော စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ အခုလို စီးပွားရေး ချဲ့ထွင်လာတာတွေဟာ အိမ်ရှင်နိုင်ငံရဲ့ စီးပွားရေးကိုပါ အထောက်အကူ ပြုလာနိုင်တယ်လို့ ယုံကြည်ထားပါတယ်။

ချင်းမိုင်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံနဲ့ ပြည်သူ့အုပ်ချုပ်ရေးကို အထူးပြုသင်ကြားနေတဲ့ ကထိကတဦးဖြစ်သူ ဆီရာဒါ့ ခယ်မာနိထာ့ထိုင်း ကတော့ မြန်မာအမျိုးသားပိုင် စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေက ထိုင်းနိုင်ငံရဲ့ ကုန်စည်ဖြည့်တင်းမှု ကွင်းဆက်ကို အကျိုးရှိစေပြီး ထိုင်းအစိုးရအတွက် အခွန်အခတွေ ပိုမိုရရှိလာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

“အခုလို စီးပွားရေးလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံက တရားဝင်ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ လည်ပတ်နေတာကြောင့် ထိုင်းပြည်သူတွေက ခြိမ်းခြောက်မှုတခုအဖြစ် မမြင်ဘူးဆိုတာ ယုံကြည်ပါတယ်” လို့ ဆီရာဒါ့က ပြောကြားခဲ့ပါတယ်။

သူရိန်သွေး

Nikkei Asia သတင်းဌာနတွင် ဖော်ပြထားသော “Myanmar businesses flood Thailand to follow fleeing customer base” သတင်းဆောင်းပါးကို ဘာသာပြန်တင်ဆက်သည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024