ထိုင်းထီးနန်းကို ဝေဖန်ပြောဆိုခဲ့မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အမှုကို ဩဂုတ် ၁၉ ရက်က ပြစ်မှုဆိုင်ရာ တရားရုံးတရုံးမှာ စတင်ကြားနာခဲ့ပါတယ်။
သက်ဆင်အမှုကြားနာချိန်မှာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး မီဒီယာတွေကိုလည်း ဝင်ရောက်ခွင့် ပေးမထားပါဘူး။
အရင်ပြစ်မှုတွေကနေ တော်ဝင်လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ သက်ဆင်ဟာ ခံဝန်ချုပ်နဲ့ ဆက်နေနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ခံဝန်ချုပ်သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ ပြည်ပမှ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကမှ ထိုင်းကို ပြန်လာခဲ့တာဖြစ်ပြီး စွဲချက်မျိုးစုံနဲ့ ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီထောင်ဒဏ် ၈ နှစ်ကိုမှ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်အရ တနှစ်အထိ လျှော့ချပေးခဲ့ပါတယ်။ အဲဒီတနှစ်ကိုလည်း အသက်အရွယ်ကြောင့် လွတ်ငြိမ်းသက်သာခွင့်အရ ၆ လပဲ ကျခံခဲ့ရပြီး အဲဒီ ၆ လကိုလည်း ရဲဆေးရုံကြီးမှာပဲ နေခဲ့ရတာ ဖြစ်ပါတယ်။
ကျန် ၆ လကို ခံဝန်ခြေချုပ်နဲ့ နေခဲ့ရပြီး ဩဂုတ် ၁၈ ရက်မှာမှ ခံဝန်ကာလပြည့်တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ သမီးဖြစ်သူ ဖဲထောင်းထန်းကို ဝန်ကြီးချုပ်အဖြစ် ဘုရင်က အတည်ပြုပေးခဲ့ပါတယ်။
ဒါပေမဲ့ နောက်တရက်အကြာမှာတော့ ထီးနန်းကို ဝေဖန်ပြောဆိုခဲ့မှု စွဲချက်နဲ့ ပထမဆုံးရုံးချိန်း တက်ရတာ ဖြစ်ပါတယ်။
ပထမရုံးချိန်းမှာ အထောက်အထားတွေ စိစစ်တာနဲ့ သက်သေစာရင်း ဖတ်ကြားတာမျိုးပဲ လုပ်ဖို့ရှိပါတယ်။
ဒီအမှုဟာ ၂၀၁၅ တုန်းက သက်ဆင် တောင်ကိုရီးယားမှာ ရောက်ရှိနေချိန် အင်တာဗျူးတခုမှာ ပြောခဲ့တဲ့မှတ်ချက်အတွက် ဇွန် ၁၈ ရက်ကမှ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။
အဲဒီအမှုအတွက် ဘတ် ၅ သိန်းနဲ့ အာမခံရထားပြီး တရားရုံးခွင့်ပြုချက်မရဘဲ ပြည်ပထွက်ခွင့် ပိတ်ခံထားရပါတယ်။
ဇူလိုင် ၂၇ ရက်က ဒူဘိုင်းကို ဆေးကုဖို့နဲ့ စီးပွားရေးကိစ္စ ခရီးသွားခွင့် တင်ခဲ့ရာမှာ တရားရုံးက ပယ်ချခဲ့ပါတယ်။
Source-Reuters