ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ဟာ သေနတ် ၄ လက် အပါအဝင် ခဲယမ်းတွေနဲ့အတူ စက်တင်ဘာ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ ချင်းပြည်နယ်အစိုးရတပ်ဖွဲ့ဆီကို အလင်းဝင်လာခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းအမျိုးသားတပ်မတော် (CNF/CNA) ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အလင်းဝင်လာတဲ့ သူတို့ ၃ ယောက်လုံးက ထန်တလန်မြို့ပေါ်က Lai Villa တည်းခိုခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီလက်အောက်က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ဟာ သေနတ် ၄ လက်နဲ့အတူ ကျည်ဆန်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေ ယူဆောင်လာကာ အလင်းဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
CNF/CNA ပြောရေးဆိုခွင့်ရှိသူက “အရင်နေ့က သူတို့တပ်စွဲထားတဲ့ Lai Villa တည်းခိုခန်း အဆောက်အဦကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က အသေအပျောက်တွေ ရှိခဲ့သေးတယ်။ အဲ့လိုတိုက်ခိုက်ပြီးတဲ့ နောက်နေ့မှာ သူတို့တွေ အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။
ထန်တလန်မြို့ကို သိမ်းပိုက်ရရှိရေး Tilim Operation 4 စစ်ဆင်ရေးကို ဇူလိုင် ၂၂ ရက်က စတင်ခဲ့ပြီး ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ အမာခံတပ်စခန်းကုန်းတွေနဲ့ ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၈ ခုကို CNF/CNA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။