စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကွေ့ရွာနဲ့ ညောင်ကွေ့ရွာအနီး ယာတဲတွေကို စစ်တပ်က စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက် ၉ နာရီကျော်က မီးစတင်ရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါရွာနဲ့ ရွာအနီးက ယာတဲတွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ် စံပါယ်နံ့သာရွာမှာရှိတဲ့ စကစအထိုင်စခန်းမှ အနောက်ဘက်ကို ခြေလျင်ထွက်လာတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “စစ်ကောင်စီက အင်အား ၁၈၀ ကျော်နဲ့ ညောင်ကွေ့ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာဗျ။ သူတို့ ဒီဘက်ကို စထွက်လာဖို့ ပြင်ဆင်နေတဲ့အချိန်ကတည်းက ကျနော်တို့ဘက်က သတင်းကြိုရတာ။ အဲဒီလို သတင်းကြိုရလို့ ဒေသခံတွေကတော့ ကြိုရှောင်နိုင်တယ်ဗျ။ ရွာထဲမှာ လူမရှိတော့ စစ်သားတွေက ကျနော်တို့ပြည်သူတွေရဲ့ နေအိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းတွေ လှည့်လည်ခိုးယူနေတယ်။ ရွာရဲ့အနောက်ဘက်ရှိ ယာတဲတွေကိုလည်း မီးရှို့ဖျက်နေတယ်။ စစ်ကောင်စီတပ် မီးရှို့လို့ ပျက်စီးမီးလောင် စာရင်းကတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။
စံပါယ်နံသာ စစ်တပ်အထိုင်စခန်းက တာဝန်ကျရဲဘော်တွေကို စစ်ကောင်စီက ၄ လတကြိမ် အပြောင်းအလဲ ပြုလုပ်လေ့ရှိပြီး အခုလည်း ၄ လပြည့်တာကြောင့် ၆၀၀၆ စစ်တပ်က ရဲဘော်တွေနဲ့ တာဝန်အချိန်းအပြောင်း လုပ်ဆောင်ရင်း ရွာကို မီးရှို့တာလို့လည်း သိရပါတယ်။
ကန့်ဘလူမြို့နယ် PDF ရဲဘော်တယောက်က “ကျနော်တို့နဲ့ကတော့ အခုအချိန်အထိ ထိတွေ့မှုမရှိသေးပါဘူး။ သူတို့ ကြောက်လန့်ပြီး ရွာတွေထဲက ပြည်သူအိမ်တွေနဲ့ တောတဲတွေကို မီးရှို့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ညောင်ကွေ့ရွာထဲကနေ မနက် ၁၁ နာရီကျော်တဲ့အထိ ထွက်ခွာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း ညောင်ကွေ့ရွာအနီးမှာ စစ်တပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။