ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြည်သူ့လုံခြုံရေးအတွက် ကင်းတဲဆောက်လုပ်ဖို့ ငွေမထည့်ပါက အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ကာ တအိမ်ထောင် ကျပ် ၁၀,၀၀၀ ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့် နွားရေကျော်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး စံငွေက ပြည်သူ့လုံခြုံရေး ကင်းတဲတည်ဆောက်ကာ ကင်းစောင့်ဖို့အတွက် တအိမ်ထောင် ကျပ် ၁၀,၀၀၀ ကို အောက်တိုဘာ ၁၅ ရက်က စတင်ကောက်ယူနေတာလို့ သိရပါတယ်။
နွားရေကျော်ကျေးရွာ ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူး စံငွေက ကင်းတဲကို ရွာပြင်မှာမဆောက်ဘဲ ရွာလယ်က သူ့ရဲ့အိမ်အနီးမှာ ဆောက်ဖို့ ပြင်ထားတယ်။ အခု ပြည်သူ့ဆီကနေ ငွေကောက်နေပြန်ပြီ၊ တအိမ် ၁၀,၀၀၀ ကောက်ယူနေတာ။ ပြည်သူ့လုံခြုံရေးအတွက်မဟုတ်ဘူး၊ သူ့လုံခြုံရေးအတွက် ကင်းတဲဆောက်ဖို့ လုပ်နေတာ။ မဟုတ်တာလုပ်ထားပြီး ကြောက်နေတာ။ ဒီက ဒေသခံတွေက မရှိတဲ့ကြားက ထည့်နေရတာ။ မထည့် အရေးယူမယ်ပေါ့ ပြောတာကို” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စကစ အုပ်ကြီး စံငွေ အပိုင်မှာ အိမ်ခြေ ၄၀၀ ကျော်အထိ ရှိတယ်။ အခု သူက ကင်းတဲဆောက်ဖို့ တအိမ်ထောင် ၁၀,၀၀၀ တောင် ကောက်ယူနေတာ ဟုတ်တယ်။ မထည့်တဲ့သူမရှိဘူး၊ အကုန်ထည့်ကြတယ်။ ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးမှူးလေ။ မထည့်ရင် အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲမယ်လို့ ခြိမ်းခြောက်သေးတာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် နွားရေတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး စံငွေက အရပ်သားတွေကို ကင်းတဲမဆောက်ခင်ကတည်းက ယာယီတဲထိုးကာ နေ့ဘက်မှာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ကင်းစောင့်ခိုင်းနေပြီး ညဘက်မှာ အမျိုးသား ၅ ယောက်အထိ ကင်းစောင့်ခိုင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စံငွေက အကြောင်းအမျိုးမျိုးနဲ့ ကင်းမစောင့်နိုင်သူတွေဆီကနေ တယောက် ကျပ် ၅,၀၀၀ အထိ ကောက်ယူနေပြီး ဒေသခံတွေ အနေနဲ့ အလုပ်မလုပ်ရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။