Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် စစ်တပ်က ဒေသခံ ၂၇ ဦးကို ဖမ်းဆီး
DVB
·
October 16, 2024

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၇ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ တလအတွင်း ဝါးခယ်မ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ကျုံပျော် စတဲ့ မြို့နယ်တွေက အများဆုံး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ဝါးခယ်မမြို့နယ်က ကောင်မလေး ၃ ယောက် အပါအဝင် ၂၇ ယောက်အထိ အဖမ်းခံရတာ။ တလအတွင်း အဖမ်းခံခဲ့ရတာပေါ့။ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်လာတာနဲ့ တိုးပြီး ဖမ်းခဲ့တာ။ အဖမ်းခံရသူ အများစုက အလုပ်ကပြန်လာရင်း အဖမ်းခံရတာ။ စစ်ကောင်စီ လက်အောက်ခံတွေက ညနေစောင်းတာနဲ့ ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းထဲမှာ ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အဖမ်းခံရသူတွေမှာ အမျိုးသား ၂၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး စက်ရုံတွေ၊ အလုပ်ရုံတွေနဲ့ လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာတဲ့ အလုပ်သမားတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ညမထွက်ရအမိန့် မလိုက်နာတာဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “အလုပ်သမားလား၊ ဝန်ထမ်းလားဆိုတာ မသိဘဲ စစ်ကောင်စီတပ်သားတွေက မူးမူးရူးရူးနဲ့ ရမ်းဖမ်းခဲ့တာ။ အခုဖမ်းခံရတဲ့ ကလေးတွေက လုပ်ငန်းခွင်ကနေ ပြန်လာရင်း ညဉ့်နက်  အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ အဖမ်းခံရတာ။ စားဖို့ နေဖို့ ကျပ်တည်းချိန် အလုပ်တောင် ကောင်းကောင်းမလုပ်ရဲတဲ့ဘဝ။ သူတို့က နေ့တိုင်း ကင်းလှည့်စစ်ဆေးနေတာ။ ကင်းလှည့်လာတာနဲ့တိုးရင် သူတို့အတွက် ခွင်ပဲလေ” လို့ ပြောပါတယ်။ 

အဲဒီ ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံရတဲ့သူတွေထဲမှာ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းအရွယ်တွေ အများဆုံးဖြစ်ပြီး စစ်ကောင်စီတပ်က အဖမ်းခံရသူတွေကို ငွေတောင်းပြီး ပြန်လွှတ်ပေးဖို့ ညှိနှိုင်းတာတွေ လုပ်နေတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း ဖမ်းဆီးခံရသူတွေ အများစုဟာ စက်ရုံ အလုပ်သမားတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေ၊ လယ်သမားတွေ၊ စပါးအရောင်းအဝယ် လုပ်နေသူတွေ၊ မွေးမြူရေးလုပ်ငန်းရှင်တွေ အများဆုံးပါဝင်ခဲ့ပြီး အဲဒီ အဖမ်းခံရသူတွေကို အမှုဖွင့်မထားသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013