တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုမှာ အမျိုးသား ၃၀ ခန့်ကို အောက်တိုဘာ ၁၄ ရက်မနက်က စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တယ်လို့ တိမ်းရှောင်နေရတဲ့ ရွာသားတွေဆီက သိရပါတယ်။
အင်အား ၆၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ခန္တီရွာအုပ်စု၊ တောင်ခေါင်းလောင်းရွာမှာ စက်လှေ ၃ စီးနဲ့ ဝင်ရောက်လာပြီးနောက် အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။
ရွာခံအမျိုးသားတယောက်က “သေနတ်ဖောက်ပြီးတော့ ဝင်လာတယ်။ ပြေးတဲ့သူတွေ ပြေးကြတယ်၊ မပြေးတဲ့သူတွေတော့ ဖမ်းမိတယ်။ ဖမ်းမိတဲ့သူတွေကို ကြိုးနဲတုပ်ထားတယ်၊ ကန်လည်းကန်တယ်၊ ရိုက်လည်းရိုက်တယ်တဲ့။ ကျနော်တို့လည်း ပြေးပုန်းနေကြရတာပါ။ ရွာမှာကျန်ရစ်တဲ့ မိန်းမတွေဆီက ပြောပြလို့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လူတွေထဲက အသက်ကြီးသူတွေကို ၄ ယောက်စီ အလှည့်ကျ ပြန်လွှတ်ပေးပြီးနောက် လူငယ်အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ကာ ပြန်မလွှတ်ပေးဘဲ ဖမ်းဆီးထားတာလို့ ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံထားရသူတွေရဲ့ အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က သူတို့လိုက်ပါလာတဲ့ စက်လှေမှာ အသုံးပြုဖို့ အင်ဂျင်ဝိုင်ဘူးတွေကို ပေးဆောင်ခိုင်းတယ်လို့ သိရပြီး လာမပေးပါက ဖမ်းထားတဲ့သူတွေကို ခေါ်သွားမှာဖြစ်သလို ရွာကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်စကားတွေ ပြောဆိုခဲ့ကြောင်း ရွာခံအမျိုးသားတယောက်က ပြောပါတယ်။
“ဖမ်းသွားပြီးတော့ သူတို့စက်လှေတွေအတွက် အင်ဂျင်ဝိုင် ၄ ဘူး တောင်းတယ်။ လာမပေးရင်တော့ လူလည်း ခေါ်ဆောင်မယ်၊ ရွာလည်းမီးရှို့မယ်လို့ ပြောတယ်တဲ့။ ဖမ်းမိထားတဲ့လူတွေရဲ့ မိန်းမတွေက လိုက်ရှာပေးရတာပေါ့။ ကျနော်တို့ကိုလည်း အကူအညီတောင်းထားတယ်။ ကျနော်တို့လည်း ဝယ်ဖို့လုပ်နေတုန်း သူတို့ဘာသာ လိုက်ရှာဝယ်လို့ ရသွားတယ်။”
ဒါ့အပြင် ရွာထဲရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက လူနေအိမ်တွေကို ဖျက်ဆီးသလို စျေးဆိုင်တွေကို ရိုက်ဖွင့်ပြီး အသုံးအဆောင်ပစ္စည်းနဲ့ ဆန်၊ ဆီ၊ ဆား စသဖြင့် ရနိုင်သမျှ အကုန်သယ်ယူလေ့ရှိတယ်လို့ ပြောပါတယ်။
ပုလောမြို့နယ်၊ ခန္တီရွာအုပ်စုမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေ နေရပ်ကနေ ထွက်ပြေး တိမ်းရှောင်ရတယ်လို့ တိမ်းရှောင်နေရတဲ့ ရွာသားတယောက်က ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ ၁၄ ရက် မနက်မှာ ကံသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တွေက ပစ္စည်းတွေ လုယူပြီး မီးရှို့ဖျက်ဆီးသွားကြတဲ့အပြင် ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့အတွက် ရွာခံပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကံသစ်ကျေးရွာ ရွာခံတယောက်က “စစ်တပ်စစ်ကြောင်းက မနက်ပိုင်းစောစော ဝင်လာကြတာ။ အိမ်တွေထဲဝင်ပြီး ပစ္စည်းတွေလုတယ်၊ အိမ်တွေကိုလည်း မီးရှို့တယ်။ တောင်အိုရွာရောက်နေတဲ့ သူတို့စစ်ကြောင်းက ကျနော်တို့ရွာကို လာနိုင်လို့ ကျနော်တို့လို လူလတ်ပိုင်းတွေ ညပိုင်းဆို ရှောင်နေကြရတာကြာပြီ။ အခုလည်း ကျနော်တို့နေတဲ့ နေရာကနေ ထပ်ပြေးလာကြတာ။ ရွာကလူတွေလည်း ခြေဦးတည့်ရာ ပြေးကုန်ကြပြီ။ ရွာထဲမှာ လူမရှိတော့ဘူး။ စစ်သားတွေကတော့ ခုညနေပိုင်းအထိ ရွာထဲမှာ ရှိနေကြသေးတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ကံသစ်ကျေးရွာတောင်ဘက်က ထန်းတောမှာရှိတဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံတယောက်က ပြောပါတယ်။
“အဲဒီစစ်ကြောင်းက တပ်မ ၁၀၁ လက်အောက်က ရေစကြိုအခြေစိုက်တဲ့ ခလရ ၂၅၇ နဲ့ ၂၅၈ ကကောင်တွေ။ သူတို့ အင်အား ၆၀ လောက် ပါတယ်ဗျ။ ထန်းတောထဲကအိမ်တွေကတော့ အကုန်လောက်နီးနီး မီးရှို့ခံရတယ်၊ မီးခိုးတွေမြင်နေရတယ်။ ရွာခံတွေကိုလည်း လူသားဒိုင်းအနေနဲ့ ဖမ်းထားတယ်။ အဲ့စစ်ကြောင်းက ရွာထဲမှာရှိနေသေးတော့ ရွာထဲက အခြေအနေ အတိအကျ မသိရသေးဘူး။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက် မနက်ကလည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို PDF ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။