ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၁၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးကာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၂၀ နီးပါးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
HERO ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူတို့ဘက်က အင်အား ၃၀ လောက်ပါတဲ့ စစ်ကြောင်းက ဝိုင်းရွာနယ်မြေရဲစခန်းက ထွက်လာတယ်ဆိုတာ ကြိုသတင်းရလို့ ဝိုင်းရွာထိပ် ဂုံးပေါက်ကြီးအကျော် ဝိုင်းအုပ်စုဆေးရုံရှေ့မှာ စောင့်ပြီး ပဒေသာမိုင်း ၄ လုံးကို ၈ ပေကြား ထောင်ထားပြီး ခွဲခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်ကြောင်းက တပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးကာ ဒဏ်ရာရရှိကြသူတွေလည်း များပြားတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၅ (ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့) က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
မျက်မြင်တွေ့ရှိသူ ဒေသခံတယောက်က “မိုင်းဆွဲတာ ဝိုင်းဆေးရုံရှေ့လေးတင်။ မိုင်းဆွဲခံရပြီး သေတဲ့အလောင်းတွေကို ဝိုင်းသင်္ချိုင်းထဲ သယ်သွားတယ်။ ဒဏ်ရာရတဲ့ စစ်သားတချို့ကိုတော့ ထမ်းသွားတယ်။ ပြဿနာက မိုင်းကွဲပြီးတော့ ဆေးရုံတဝိုက်မှာရှိနေတဲ့ ပြည်သူတွေ ၂၀ လောက်ကို စစ်သားတွေက ဖမ်းသွားတယ်။ ဝိုင်းရဲစခန်းထဲမှာ ဖမ်းထားတယ်ကြားတယ်။ ကျနော်တို့တောင် လမ်းကြိုလမ်းကြားကနေ ပြေးလာတာ။ အပြေးမြန်လို့ အဖမ်းမခံရတာ။ အဲ့နားရှိနေတဲ့ အိမ်တွေ ဆိုင်တွေ အကုန်ပိတ်ကြတာပေါ့” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်တက်လာတဲ့ အင်အား ၄၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးကာ ၁၅ ယောက်နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။