ကရင်နီ(ကယား)ပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့ရဲ့ မြို့ဝင်ဆိုင်းဘုတ်ကို စစ်ကောင်စီတပ်က ယတြာချေတဲ့အနေနဲ့ ဆေးရောင်ပြောင်းသုတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်ကစပြီး ဆေးအနီရောင်ခြယ်ထားတဲ့ “ကန္ဒရဝတီ လွိုင်ကော်မြို့မှ ကြိုဆိုပါ၏” လို့ ရေးထားတဲ့ စာသားရဲ့ နောက်ခံအရောင်ကို ဆေးအပြာရောင် ပြောင်းလဲသုတ်ထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ယတြာချေတာလား၊ အနီကို မုန်းတာလားပဲ။ စစ်ကောင်စီ လုပ်လိုက်ရင် တလွဲတွေချည်းပဲ။ ဘာယတြာတွေ ချေနေလဲ မသိဘူး။ အစိမ်းမဟုတ်တာ တော်သေးတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဗေဒင်နဲ့ ယတြာတွေကို ယုံကြည်မှု လွန်ကဲနေပြီး မြန်မာနိုင်ငံအနှံ့ နည်းလမ်းမျိုးစုံနဲ့ ယတြာချေတာတွေကို ပြုလုပ်နေပါတယ်။
အရောင်ခြယ်သရာမှာလည်း အပြာရောင်တခြမ်း၊ မူလ အနီရောင်တခြမ်း ပုံစံမျိုးနဲ့ နှစ်ရောင်သဘောမျိုး ခြယ်သထားတယ်လို့ သိရပါတယ်။
“တို့အဘက လုပ်လိုက်ရင် အဆန်းချည်းပဲ။ ခုလည်း အရောင်ကို တဝက်တပျက်နဲ့ ဘာအစီအရင်တွေ လုပ်နေလဲမသိဘူး” လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပြုတာတွေ ရှိပါတယ်။
NLD အစိုးရလက်ထက်က အနီရောင်ခြယ်ထားတာကို ခု ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီတပ်က အပြာရောင် ပြောင်းလဲခြယ်သထားတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ဝက်လောက်မှာလည်း တောင်ကြီးမြို့မှာရှိတဲ့ ရွှေဘုန်းပွင့်ဘုရားပေါ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခဏ ယတြာလာချေလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။