Home
မြန်မာသတင်း
ကြံခင်းတွင် တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး ၊ ၁ ဦး အဖမ်းခံရ
DVB
·
October 17, 2024
Photo - MV

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအနီး တောတွင်းတနေရာမှာ အောက်တိုဘာ ၁၄ ရက်က စစ်ကောင်စီတပ်နဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး PDF တပ်ဖွဲ့ဝင် တယောက်သေဆုံးကာ၊ တယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်က ပိုးစုကြီးကျေးရွာအနီးက တောစပ်တနေရာကို သတင်းအရ သွားရောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး PDF တယောက်ကို အရှင်နဲ့ နောက်ထပ်တယောက် အသေမိခဲ့ပြီး M-16 သေနတ်တလက်၊ တတောင့်ထိုးရိုင်ဖယ်တလက်၊ FCG9 MK-2  တလက်၊ လက်လုပ်သေနတ်လေးလက်၊ လက်လုပ် ပစ္စတိုသေနတ်တလက်၊ ကျည်အိမ် နှစ်ခု၊ ကျည်မျိုးစုံ ၁၅၀ တောင့်နဲ့ တိုက်မိုင်းတလုံး သိမ်းဆည်းခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။  

“စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ PDF တပ်သား ၂ ယောက်ကို တယောက်အသေနဲ့ တယောက်အရှင် မိခဲ့တယ်တဲ့။ စစ်ကောင်စီတပ်က စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာတဲ့။ စစ်ကောင်စီဘက်က အင်အားများတယ်တဲ့ အခြေအနေ။”

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကြံခင်းမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲဖြစ်လို့ အခုလိုဖြစ်တာ။ ကိုယ်တော့ သေချာ မမြင်ဘူးပေါ့လေ။ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ နေ့တိုင်းနီးပါး ဒီအနားတဝိုက်မှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။

ပိုးစုကြီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း စစ်မှုမထမ်းဆောင်ချင်လို့  PDF အဖွဲ့ကို ဝင်မယ်လို့ အကြောင်းကြားတဲ့ လူငယ်တယောက်ကို လာရောက်ခေါ်ဆောင်တဲ့ ရိုးမဧရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသူရိန်လင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024