ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရေကြီးတာအပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်တွေ စျေးမြင့်တက်လာတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။
စက်တင်ဘာလထဲမှာ ရေကြီးတာတွေ၊ တောင်ငူ-ဇလဲတံတား ကျိုးကျပျက်စီးတာ၊ ပင်လောင်း-ဖယ်ခုံ အနီးတဝိုက် တိုက်ပွဲဖြစ်ပွားတာတွေကြောင့် ဒီးမော့ဆိုထဲကို ကုန်ပစ္စည်းရောက်ရှိဖို့ ခက်ခဲပြီး ကုန်စျေးနှုန်း မြင့်မားလာတဲ့အပြင် ကုန်ပစ္စည်း ပြတ်လပ်တာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေတဲ့ မစန္ဒီက “ဆန်ကတော့မပြတ်ဘူး၊ စျေးကတော့တက်တယ်။ မနက်က ပန်းမုန်လာဝယ်လာတာ လက်သီးဆုပ်လောက်လေးကို ၁,၀၀၀ တဲ့။ ငရုတ်သီးတပိဿာဆိုလည်း ၁၀,၀၀၀ လောက်ဖြစ်သွားပြီ။ ဆီစျေးလည်းတက်တယ်။ တလအတွင်း စျေးတွေက တက်သွားတာ၊ တချို့ပစ္စည်းတွေလည်း ပြတ်တယ်။ ပင်လောင်းလမ်း ပိတ်နေတော့ တောင်ငူလမ်းပဲ ရလို့တဲ့” လို့ ပြောပါတယ်။
ဆန်တအိတ်ကို ၈၅,၀၀၀ ဝန်းကျင်ကနေ ၁၁၅,၀၀၀ ဝန်းကျင်၊ ၁၀ ပိဿာဆံ့ ဆီပုံးဝါတပုံးကို ၁၆၀,၀၀၀ ကျပ်ကနေ ၂၂၀,၀၀၀ ကျပ်ဝန်းကျင်၊ ဆားတအိတ်ကို ၂၅,၀၀၀ ဝန်းကျင်ကနေ ၃၅,၀၀၀ ကျပ်၊ ကြက်ဥတလုံးကို ၁,၀၀၀ ကျပ်အထိ မြင့်တက်လာပြီး မုန့်နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ပြတ်လပ်တာရှိတယ်လို့ သိရပါတယ်။
တောင်ငူလမ်းကနေ ပစ္စည်းဝင်တာရှိပေမဲ့ ဇလဲတံတားပျက်ပြီး နှစ်ဆင့်သယ်ရတဲ့အတွက် ကုန်စျေးနှုန်း မြင့်တက်တာ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေကြီးမှုကြောင့် ရိတ်သိမ်းခါနီး မိုးစပါး ဧက ၅,၀၀၀ ကျော် ပျက်စီးသွားခဲ့တဲ့အတွက် စစ်ဘေးနဲ့ ရေဘေးရှောင်ပြည်သူတွေကို ဝေမျှဖို့အတွက်တောင် ဆန်ကို လိုအပ်သလောက် အများအပြား ဝယ်မရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်ရှိနေပြီး စစ်ရှောင်ကာလ ၃ နှစ်ကျော်လာတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရေဘေးအခက်အခဲတွေကိုပါ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။