မြောက်ဥက္ကလာပမြိုနယ် (စျ) ရပ်ကွက်၊ စက္ကဝတ် ၂ လမ်းမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီက သန်းခေါင်စာရင်းကောက်ပြီးပြန်လာတဲ့ ဆရာမတဦး ဖုန်းနဲ့ပိုက်ဆံ လုယက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကောက်ကွက်ကျန် သန်းခေါင်စာရင်းတွေ ကောက်ပြီး နေအိမ်ပြန်လာစဥ် လမ်းခုလတ်မှာ ဖုန်းနဲ့ သန်းခေါင်စာရင်းကောက်ထားတဲ့ မန်မိုနီတခုနဲ့ ပါဝါတခု ထည့်ထားတဲ့ လွယ်အိတ်ကို လုယက်သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“စက်ဘီးနဲ့ပြန်လာတဲ့အချိန် အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လုတာ။ ဖုန်းတွေ၊ သန်းခေါင်စာရင်းနဲ့ ပတ်သက်တာတွေ ထည့်ထားတဲ့ လွယ်အိတ်ကို လုသွားတာ။ လူကိုတော့ ဘာမှမလုပ်ခဲ့ဘူး။”
လုယက်ခံရသူမှာ အမှတ် ၄၃ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်နွယ်ရည်မွန် ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“စစ်တပ်ရော ရဲရော မနေ့ညနေက ပိတ်ဆို့ပြီးရှာဖွေနေတာ၊ ဒီနေ့မနက် လုတဲ့သူကို မိသွားပြီတယ်လို့ ပြောသံကြားတယ်။”
မြောက်ဥက္ကလာပမြို့နယ်မှာ ရပ်ကွက် ၁၉ ရပ်ကွက်၊ ကောက်ကွက် ၆၃၀ ရှိပြီး စာရင်းစစ်၊ စာရင်းကောက်၊ စေတနာ့၀န်ထမ်း ၃၅၅ ယောက်တို့က Mobile Tablet တွေ အသုံးပြုပြီး ကောက်ယူနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကလည်း တပ်မြို့လို့ လူသိများတဲ့ မိတ္ထီလာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို ရိုက်နှက်ပြီး ဖုန်းနဲ့ တက်ဘလက်တွေ ယူသွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။