တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့၊ မလိဝမ်းကျေးရွာအုပ်စု၊ ၁၉ မိုင်ရွာမှာ သန်းခေါင်စာရင်း ကောက်ယူပြီးနောက် အောက်တိုဘာ ၁၅ ရက် ည ၈ နာရီလောက်က နေအိမ်တအိမ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အောင်ပွဲခံနေကြစဥ်မှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ ၂ ယောက်သေဆုံးသွားတယ်လို့ ကော့သောင်းပကဖအဖွဲ့က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူ ၂ ယောက်ဟာ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးနောင်နီနဲ့ ဦးဘဦးတို့ ဖြစ်ပြီး သေဆုံးသူ ၂ ယောက်လုံးက သန်းခေါင်စာရင်းကောက်ရာမှာ ပါဝင်သလို ပျူစောထီးအဖွဲ့ဝင်တွေလည်း ဖြစ်တယ်လို့ ကော့သောင်းပကဖအဖွဲ့ဘက်က ပြောပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ပကဖပြန်ကြားရေးတာဝန်ခံက “ရောက်တာလည်း နည်းနည်းနောက်ကျတော့ ဝင်ဝိုင်းချိန်မှာ ပြေးတဲ့သူတွေလည်း ပြေးကြတယ်။ နှစ်ယောက်ပဲကျန်တယ်။ ကျနော်တို့က ဝင်ဖမ်းတဲ့အချိန် တခါတည်း ပစ်သတ်လို့ရတယ်။ မဆိုင်တဲ့လူတွေ ပါကုန်မှာစိုးလို့ ဝင်ဖမ်းတာပါ။ သူတို့ဘက်က ရိုက်မယ်ပုတ်မယ် အနေအထား ဖြစ်တာပေါ့။ အဖမ်းမခံဘဲဆိုတော့ အဲလိုဖြစ်ကုန်ကြတာပါ” လို့ ပြောပါတယ်။
ဝင်ရောက်စီးနင်းစဥ်က သေဆုံးသူ ၂ ယောက်စလုံးမှာ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့အကြောင်းနဲ့ ကျန်တဲ့သူတွေမှာ နေအိမ်ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ်လို့ ကော့သောင်းပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒီမတိုင်ခင် အောက်တိုဘာ ၁၁ ရက်က ကော့သောင်းမြို့နယ် ၆ မိုင်ရွာအခြေစိုက် ခလရ ၂၆၂ တပ်ရင်းမှာ စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အတွက် သင်တန်းတက်ရောက်သင်ကြားမှု ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
“ဘယ်နှပတ်ပေးခဲ့လဲ မသိဘူး။ သင်တန်းပြီးပြန်လာတဲ့ သူတွေထဲ အဲလိုလူတွေလည်း ပါတယ်။ ပျူစောထီးတွေလို့ ပြောလို့ရတယ်” လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ သင်တန်းကို တက်ရောက်တဲ့သူတွေထဲမှာ သေဆုံးသူ ၂ ယောက်စလုံး ပါဝင်ခဲ့တယ်လို့ ကော့သောင်းပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပေမဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဝင်ရောက်စီးနင်းတဲ့ ညတုန်းက ၉ နာရီလောက်မှာ ခလရ ၂၆၂ တပ်ရင်းကနေ မလိဝမ်းကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ ၁၀ လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။