တနင်္သာရီမြို့နယ်မှာ အောက်တိုဘာလအတွင်း ကွမ်းသီးနုရာသီကုန်တာကြောင့် ကွမ်းသီးနု စျေးကောင်းရနေတယ်လို့ ကွမ်းသီးခြံပိုင်ရှင်တွေက ပြောပါတယ်။
ကွမ်းသီးနုရာသီဟာ ၅ လပိုင်းအကုန်ကနေ အောက်တိုဘာလအထိဖြစ်ပြီး ကွမ်းသီးနု ရာသီပေါ်စမှာ ၁ ပိဿာကို ၆,၀၀၀ ကျပ်ဝန်းကျင်နဲ့ စျေးစပေါက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ကွမ်းသီးနု ၁ ပိဿာစျေးဟာ ၁၄,၀၀၀ ကျပ်ဝန်းကျင် ဖြစ်နေတယ်လို့ ကွမ်းသီးနု ရောင်းဝယ်လုပ်ကိုင်သူတွေက ပြောပါတယ်။
ကွမ်းသီးခြံပိုင်ရှင်တယောက်က “လွန်ခဲ့တဲ့ တပတ်ကဆို ၁ ပိဿာကို ၁၅,၅၀၀ အထိ စျေးကောင်းရတယ်။ ကွမ်းသီးခြောက်က လုပ်ရတာက ပင်ပန်းတယ်။ နယ်မြေကလည်း မတည်ငြိမ်တော့ ကွမ်းသီးခြောက်မစောင့်ဘဲ ကွမ်းသီးနုပဲ ကောက်ရောင်းကြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တနင်္သာရီဒေသခံတွေဟာ ကွမ်းသီးခြောက်သာ ဦးစားပေးလုပ်ကြပြီး ဒီနှစ်မှာတော့ ကွမ်းသီးနုစျေးကွက်ဟာ ပိုအားကောင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ ကွမ်းသီးပင်နဲ့ ရော်ဘာပင်ကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
အဆိုပါကွမ်းသီးနုတွေကို တရုတ်နဲ့ ထိုင်ဝမ်ကို ပို့ဆောင်ပြီး စားသောက်ကုန်ပစ္စည်းအဖြစ် အသုံးပြုတယ်လို့ ကွမ်းသီးနုစျေးကွက် သိရှိသူတယောက်က ပြောပါတယ်။