Home
မြန်မာသတင်း
တနင်္သာရီတွင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲ၊ ကော့သောင်း၌ စစ်သား ၂ ဦး ပစ်သတ်ခံရ
DVB
·
October 14, 2024
Photo - စစ်ကောင်စီတယ်လီဂရမ်ချန်နယ်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လင်ကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးသီး ၅ လုံးချခဲ့တာကြောင့် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းရှိ နံရံနဲ့ ပြတင်းပေါက်မှန်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“ကျနော့်သမီးရဲ့ မျက်နှာနဲ့ ခြေထောက်မှာ ဗုံးသီးအစ လာစင်တယ်။ သူတို့(စကစ)သုံးတဲ့ ဗုံးသီးက ပေါက်ကွဲမှုအားပြင်းတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းပြတင်းပေါက်မှန်တွေ ပျက်စီးသွားတယ်။”

ဘန်လင်ရွာခံအမျိုးသားတယောက်ကလည်း "သူတို့(စကစ)ဘက်က ကင်းထောက်ဒရုန်း အရင်လွှတ်တယ်။ ပြီးမှ  စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဝင်းထဲ ဒရုန်းနဲ့ ဗုံးသီး ချသွားတာပါ”လို့  ပြောပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း အနောက်မော်တုန်းကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆ နှစ်အရွယ်ကလေးတယောက် သေဆုံးခဲ့ပါသေးတယ်။

ကော့သောင်းမြို့နယ်မှာတော့  စစ်ကောင်စီတပ်ရင်းကနေ ထွက်ပြေးလာတဲ့သူလို့ ယူဆရသူ ၂ ယောက် အေးမြသာယာရွာနားမှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွား ပါတယ်။

အောက်တိုဘာ ၁၂ ရက် ညနေမှာ အေးမြသာယာရွာအနီးပစ်ခတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၂ ယောက်ဟာ ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို အမည်းရောင်ဝတ်စုံ ဆင်တူ ဝတ်ထားတာတွေ့ရပါတယ်။

အဲဒီသေဆုံးသူ ၂ ယောက်ဟာ ကော့သောင်းခရိုင်အခြေစိုက်  ခမရ ၄၃၂ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ တပ်သားတွေ ဖြစ်နိုင်ပြီး စုစုပေါင်း ၄ ယောက် ထွက်ပြေးလာတာလို့ စစ်ကောင်စီတပ်ရင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းနဲ့ နီးစပ်သူက “အဲဒါက သူတို့ထဲက ထွက်ပြေးလို့ လိုက်ပစ်သတ်ခံထိပြီး သေတာပါ။ ဟိုအရင်တခါ လာဆက်သွယ်တဲ့ ၄ ယောက်ထဲက ထွက်ပြေးလို့ ပစ်သတ်ခံရတာပါ။ ကော့သောင်း၊ ဝိုင်ဒင်းဘက်မှာလည်း တာဝန်လာကျနေတယ်။ အဲဒီကနေ ထွက်ပြေးတာ ဖြစ်မယ်"လို့ပြောပါတယ်။

ထွက်ပြေးလာသူ ၄ ယောက်ထဲက  ကျန်တဲ့ ၂ ယောက်ကိုတော့ ဖုန်းဆက်သွယ်လို့ မရသေးဘဲ ထပ်သိရဖို့ စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတယ်လီဂရမ်ချန်နယ်မှာတော့ အဲဒီနေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် လူသေအလောင်း ၂ လောင်း၊ MA-1တလက်၊ ကျည်အတောင့် ၂၀၀ ကျော်နဲ့ ကျည်အိမ် ၄ ခုတို့ကို ရရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

အေးမြသာယာရွာတဝိုက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကော်သူးလေအာမီ ဗိုလ်ချုပ်မြ အထူးတပ်ရင်းရဲ့ တပ်ရင်းမှူးကတော့  သေဆုံးသူ ၂ ယောက်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ပြောပါတယ်။

သေဆုံးသူတွေမှာ တွေ့ရတဲ့ လက်နက်အသုံးအဆောင်၊ သိုင်းကြိုးတွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှာ အသုံးပြုနေတာမရှိကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာသာ တွေ့ရတာမျိုး ဖြစ်တယ်လို့ ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံကလည်း ပြောပါတယ်။

"ဓာတ်ပုံထဲမှာ ကြည့်ရင် သေတဲ့တယောက် ခြေနားမှာ Equipment က ရဲဘော်တွေမှာ မသုံးကြဘူး။ စစ်တပ်ထုတ်တဲ့ Equipmentနဲ့ ဆင်တူတယ်။ ပြီးတော့ ကျနော်တို့ ဒီဘက်မှာက ရှေ့တန်းစစ်မြေပြင်ထွက်ရင် သတ်မှတ်ထားတဲ့ ယူနီဖောင်းပဲ ဝတ်ကြတယ်။ ဒီလိုမျိုး အရပ်ဝတ်လိုလို ဘာလိုလို မဝတ်ဘူး။”

ကော့သောင်းမြို့နယ်မှာ အခုနောက်ပိုင်း စစ်ကောင်စီတပ်က တပ်သားသစ်တွေ ပိုတွေ့လာသလို အေးမြသာယာရွာအနီးတဝိုက်နဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချ‌တပ်စွဲပြီး နေထိုင်နေတယ်လို့  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသားကျေးရွာနားမှာ  ခရစ်ယာန်သင်းအုပ်ဆရာတယောက်  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024