Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲ၊ ကလေး ၂ ဦးအပါအဝင် ၄ ဦးသေ
DVB
·
October 13, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၁ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ဗုံးကြဲချခဲ့တာကြောင့် ကလေး၂ ယောက် အပါအဝင် ဒေသခံပြည်သူ ၄ ယောက် သေဆုံးသွားပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

ကန့်ဘလူ ၆၀၀၆ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပြီး နေအိမ်အချို့လည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ညအချိန်မတော်ကြီးကို ကြဲချတာ။ ည ၁ နာရီနီးပါးအချိန်က လူအများစု အိပ်ကောင်းတဲ့ အချိန်ပဲဗျာ။ ဘာတိုက်ပွဲမှမရှိဘဲ ဗုံးသီးကြဲချသွားတာ။ အဲလိုဒရုန်းယာဉ်နဲ့ ဗုံးသီးချလို့ ပြည်သူနေအိမ်တွေပေါ် ကျတယ်။ ပွဲချင်းပြီး သားအမိ ၃ ယောက် သေတယ်။ ဆေးရုံရောက်မှ တဦးသေတယ်” လို့ ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် မဖြူဖြူဝင်းနဲ့ သူ့သမီးတွေဖြစ်တဲ့ ၄ နှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ ၁၂ နှစ်အရွယ် မငြိမ်းအိဖြူတို့ ပွဲချင်းပြီးသေဆုံးပြီး အသက် ၃၉ နှစ်အရွယ် ကိုအောင်မျိုးဝင်းကတော့ ဆေးရုံမှာ သေဆုံးတယ်လို့ သိရပါတယ်။

ပြီးတော့ အသက် ၇၀ ဝန်းကျင်အရွယ် အဖိုးအဖွား ၂ ယောက်နဲ့ လူငယ် ၃ ယောက်လည်း ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ကူညီဆောင်ရွက်ပေးနေသူတယောက်က “လေယာဉ်သံလို အကျယ်ကြီး မကြားရဘူး။ ဝီဝီဆိုတဲ့ အသံလောက်ပဲကြားရတာ။ စစ်သားတွေက ဒရုန်းနဲ့ချသွားတာဗျာ။ ကျနော်တို့ရွာက ပျူရွာစာရင်းမဝင်လို့ ဗုံးကြဲတာနေမှာ” လို့ DVB ကို ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတာဝန်ရှိသူတယောက်ကလည်း သူတို့ သတင်းထောက်လှမ်းချက်အရ ဒရုန်းနဲ့ ၄ ကြိမ်လာပြီး ဗုံး ၈ လုံးကြဲချသွားတယ်လို့ သိရကြောင်း ဆိုပါတယ်။

“စစ်တပ်က ကန့်ဘလူ ၆၀၀၆ စစ်တပ်ကနေ စတင်ထွက်ခွာလာပြီး ကန့်ဘလူမြို့ရဲ့တောင်ဘက် နတ်ပေးရွာ-ငါတို့ရွာက ပစထ ရွာရဲ့တောင်ဘက် သိမ်ရင်ဆည် ရေပိုလွှဲကာကင်းစခန်းကနေ ကား ၃ စီးနဲ့ လာပြီး အခုလို ဗုံးကြဲသွားတာလို့ သိထားရတယ်ဗျ။ ကျနော်တို့နဲ့လည်း တိုက်ပွဲမဖြစ်ပါဘူးဗျာ။ သူတို့ပစ်ချင်လို့ကို သက်သက်ပစ်ချသွားတာပါ။ စကစ ပစထ စခန်းနဲ့ နီးစပ်တဲ့ ၄ မိုင်အတွင်းက ကျေးရွာတွေကို ကြိုတင်ရှောင်နေထိုင်ကြဖို့ကိုလည်း ပေးထားပါတယ်” လို့ ပြောပါတယ်။

အင်းလယ်ကြီးကျေးရွာဟာ ကန့်ဘလူမြို့ရဲ့တောင်ဘက် ၇ မိုင်လောက်မှာရှိပြီး ပြီးခဲ့တဲ့ နှစ်က စစ်တပ်က ရွာကို မီး ၂ ကြိမ် ရှို့သွားတာကြာင့် အိမ်ခြေ ၂၀၀ လောက် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013