Home
မြန်မာသတင်း
နပခ တည်ရှိရာ ခမရ ၃၇၃ ကို AA ထိုးစစ်ဆင်၊ စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ
DVB
·
October 13, 2024

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တည်ရှိတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၃၇၃) တပ်ရင်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ တမိုင်လောက်သာ ကွာဝေးတဲ့ ခမရ ၃၇၃ တပ်ရင်းကို အာရက္ခတပ်တော်က အောက်တိုဘာ ၉ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေရတယ်လို့ အမ်းမြို့ခံတယောက်က ပြောပါတယ်။

“အမ်းမြို့ဝင်က ခမရ ၃၇၃ တပ်ရင်းကိုတော့ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိတယ်။ တိုက်ပွဲကတော့ အရမ်းကို ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံနေတယ်။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ခမရ ၃၇၃ တပ်ရင်းက နပခနဲ့ တမိုင်လောက်ပဲ ကွာဝေးတာကြောင့် စစ်ကောင်စီက နပခကိုအထိ  AA ရဲ့ မြေပြင်ထိုးစစ်တွေ ရောက်လာမှာကို အရမ်းကြောက်နေကြတယ်။” 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ကာကင်းဗျူဟာဖြစ်တဲ့ မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် အမ်းမြို့ရဲ့ အဝင်မှာရှိတဲ့ ခမရ ၃၇၃ တပ်ရင်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အမ်းမြို့မှာ စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းကနေ ရမ်းသန်းပစ်ခတ်နေတာကြောင်း အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိတယ်လို့ အမ်းမြို့ခံ နောက်တယောက်က ပြောပါတယ်။

“စစ်ကောင်စီက အမ်းမြို့အနီးကို တနေ့လုံး လေကြောင်းကနေ ဗုံးကြဲနေတာရှိတယ်။ အောက်တိုဘာ ၁၁ ရက်နေ့က ဆိုရင်လည်း အမ်းမြို့နယ် မဲလက်မောင်း စာသင်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာရှိတယ်။ မနေ့က တရက်လုံးကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်။” 

လက်ရှိမှာ အာရက္ခတပ်တော်က ခမရ ၃၇၃ တပ်ရင်းအပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းကို လုံခြုံတဲ့နေရာ ထားပြီး ခုခံနေရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိဘဲ အမ်းမြို့အတွင်း ပိတ်မိနေကြတဲ့ မြို့ခံသောင်းနဲ့ချီပြီး ရှိနေကြသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား ပြီးခဲ့တဲ့ မတ်လကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး စစ်ကောင်စီရဲ့ တောင်ဟိန်းတောင်ဗျူဟာ၊ မဲတောင်ဗျူဟာနဲ့ တပ်စခန်းငယ်တချို့ကိုလည်း AA က သိမ်းပိုက်ရရှိထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013