Home
မြန်မာသတင်း
အခါကြီးရက်ကြီးများတွင် လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲမလုပ်ရန် AA သတိပေး
DVB
·
October 10, 2024

၂၀၂၄ ခုနှစ် လာမယ့် သီတင်းကျွတ်၊ တန်ဆောင်မုန်း အခါကြီးရက်ကြီးတွေမှာ လူစုလူဝေးဖြစ်စေတဲ့ ပျော်ပွဲရွှင်ပွဲ၊ ဆောင်းဘောက်တွေနဲ့ ဆူဆူညံညံ ကခုန်တာတွေ လုံးဝမပြုလုပ်ကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ဒေသပါတီကော်မတီ၊ နိုဗာ ၁ စစ်ဒေသက အောက်တိုဘာ ၇ ရက်မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ ကားတွေနဲ့ မြို့အနှံ့လျှောက်လည်တာ၊ ဆောင်းဘောက်တွေဖွင့်ပြီး ကခုန်တာ၊ လူစုလူဝေးဖြစ်စေတဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ စတိတ်ရှိုး၊ ဇာတ်သဘင်၊ လောင်းကစား ကျင်းပပြုလုပ်တာ၊ ဥပုသ်ဆောက်တည်တာနဲ့ အလှူအတန်း ပြုလုပ်တာတွေကို လူစုလူဝေးနဲ့ မပြုလုပ်ဖို့၊ လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေ မပြုလုပ်ရ စတဲ့ အချက်တွေ ပါရှိပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “သီတင်းကျွတ် တန်ဆောင်မုန်းလပြည့် နေ့တွေဟာလည်း ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေအတွက် ဥပုသ်သီလဆောက်တည်တာ၊ အလှူဒါနပေးတာတွေ၊ ပျော်ပွဲရွှင်ပွဲ လုပ်ကြတယ်။ ဒီလိုမျိုး ရက်တွေမှာ ပြည်သူတွေဟာ ပျော်ပွဲရွှင်ပွဲလုပ်ပြီး လူစုလူဝေးတို့ဖြစ်လာတဲ့ အချိန်မျိုးမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်မယ်ဆိုရင် သေဆုံးဒဏ်ရာရမှုတွေ ပိုများလာမှာဖြစ်တဲ့အတွက်ကြောင့် ပျော်ပွဲရွှင်ပွဲမလုပ်ကြဖို့ ဆောင်းဘောက်တွေနဲ့ အသံကျယ်ကျယ် ဆူဆူညံညံတွေ မလုပ်ကြဖို့ သတိပေးတာ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း အာရက္ခတပ်တော် (ULA/AA) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ ဆောင်ရန် ရှောင်ရန် အကြောင်းအရာတွေကို သိရှိပြီးတော့ လေးစားလိုက်နာမယ်ဆိုရင် မိမိတို့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပြီးသားဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးတာတွေ မဖြစ်စေဖို့နဲ့ ကာကွယ်တားဆီးနိုင်ဖို့အတွက် ပေါ့ပေါ့တန်တန် သဘောမထားဘဲနဲ့ လေးစားလိုက်နာကြဖို့ အထူးသတိပေး မှာကြားချင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင့်အရပ်ဘက်အဖွဲ့အစည်းရဲ့ အမျိုးသမီးတယောက်က “ဒီရက်ပိုင်းမှာ စစ်ကောင်စီ လေတပ်က မကြာခဏဗုံးကြဲတာတွေ ပိုများလာတယ်၊ လူစုလူဝေးလုပ်တယ်ဆိုပြီး သတင်းရတာနဲ့ ချက်ချင်း ဗုံးလာကြဲတာတွေ ရှိတယ်၊ ပြည်သူတွေ အသက်ဆုံးရှုံးမှု မဖြစ်ရအောင် မထိခိုက်ရအောင် အခုလိုမျိုး ထုတ်ပြန်ချက်ထုတ်ပြီး သတိပေးတာ ပိုကောင်းပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလေတပ်က AA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို ဗုံးကြဲတာတွေ၊ လမ်းတွေ ဆေးရုံတွေ စာသင်ကျောင်း‌တွေ နောက် ဘုန်းကြီးကျောင်းပါမကျန် ဗုံးကြဲတာတွေကြောင့် သေဆုံး ဒဏ်ရာရသူ အရေအတွက်လည်း ပိုများလာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024