အာရက္ခတပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလုပ်သား ၅ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က အောက်တိုဘာ ၉ ရက်မှာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တဲ့အကြောင်း BSS သတင်းမှာ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အမှတ် ၂ တက္ကနတ်ဖ်တပ်ရင်း ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး မိုဟီရူဒင် အာမက်ဒ်က “ဒီကနေ့ (အောက်တိုဘာ ၉ ရက်) နေ့လယ် ၁ နာရီ ခွဲလောက်မှာ AA ဘက်ကနေ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလုပ်သား ၅ ဦးကို ပြန်လည်လွှဲပေးလိုက်တာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရသူတွေထဲမှာတော့ အသက် ၁၇ နှစ်ကနေ ၂၃ နှစ်အထိ အရွယ်တွေ ပါဝင်ပြီး လက်ရှိမှာတော့ သူတို့ကို သက်ဆိုင်ရာ မိသားစုဝင်တွေ အသီးသီးဆီ BGB က ပို့ဆောင် ပေးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီလောက်မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ်အတွင်း ငါးဖမ်းလှေနဲ့ ငါးဖမ်းဖို့ သွားရောက်ချိန်မှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းကို လွဲမှားစွာ ဖြတ်ကျော်ပြီး မြန်မာရေပိုင်နက်ထဲ ရောက်ရှိသွားခဲ့ကြတာဖြစ်ကာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာဘက်က ရိုဟင်ဂျာတွေ ဝင်ရောက်မှု ဖြစ်စဉ်အပြီးမှာ နတ်မြစ်အတွင်း ငါးဖမ်းတာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပေမဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေဟာ နတ်မြစ်အတွင်း တိတ်တဆိတ် ငါးဖမ်းဖို့ မကြာခဏ သွားကြလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခုကာလအတောအတွင်း လူတိုင်းကို သတိထားကြဖို့ တောင်းဆိုထားကြောင်း BGB ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြား ထားပါတယ်။