Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြို့နယ် ၂ ခုတွင် AA နှင့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
DVB
·
October 9, 2024

အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အာရက္ခတပ်တော်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA၊ RSO တပ်ဖွဲ့တို့အကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတာရှိတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က မွတ်ဆလင်လက်နက်ကိုင်တပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး ပျောက်ဆုံးနေတဲ့ ဒေသခံတွေကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေနဲ့ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေကြရာမှာ အောက်တိုဘာ ၆ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ဘူးသီးတောင်မြို့နယ်၊ ရွှေထား(မွတ်ဆလင်) ရွာရဲ့ အနောက်ဘက် မွတ်ဆလင် လက်နက်ကိုင်တပ် ARSA တပ်ဖွဲ့တွေ နေထိုင်တဲ့ တပ်စခန်း တခုကို တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းက စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်ရမိခဲ့သလို ထွက်ပြေးနေတဲ့ ARSA တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းမှာ နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြတဲ့ အာရက္ခ တပ်တော်နဲ့ RSO မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့ဟာ အေအေက သိမ်းပိုက်ထားတဲ့ စစ်ကောင်စီစခန်းဟောင်း "လိပ်ရစခန်း" အနီးမှာ အောက်တိုဘာ ၆ ရက်၊ နေ့လယ် (၁၂) နာရီ ၅၅ မိနစ်မှာ ထိတွေတိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ARSA ၊ RSO တို့ဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအများစုဟာ စစ်ကောင်စီရဲ့ ကပစ စက်ရုံထုတ် လက်နက်တွေဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားတဲ့ လက်နက်တွေ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းတွေဖြစ်ကြတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ဂုံးနားမွတ်ဆလင်ကျေးရွာအနီးမှာ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်အား လိုက်လံရှာဖွေနေစဉ်မှာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ ချုံခို တိုက်ခိုက်မှုကြောင့်လည်း AA တပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး ၂ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီကင်းစင်သွားပေမဲ့ မွတ်ဆလင် လက်နက်ကိုင်တွေ ကျန်ရှိနိုင်သေးတာကြောင့် အာရက္ခတပ်တော်အနေနဲ့ နယ်ခြုံလုံခြုံအောင် ရှင်းလင်းနိုင်ဖို့ လိုသေးတယ်လို့ မောင်တောမြို့ခံတယောက်က ပြောပါတယ်။

“ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာက စစ်ကောင်စီ ကင်းစင်သွားရင်တောင် မွတ်ဆလင်လက်နက်ကိုင်တွေက ရှိနေသေးတာကြောင့် လုံခြုံမှုကမရှိနိုင်သေးဘူး။ အရပ်သားတွေ ရော အေအေတပ်ဖွဲ့ဝင်ပါ တိုက်ခိုက်မှုက ခံနေရဆဲဖြစ်တယ်။ အဲဒါကြောင့် အကြမ်းဖက် မွတ်ဆလင် လက်နက်ကိုင်တွေကို ထိထိရောက်ရောက် ရှင်းလင်းနိုင်ဖို့ လိုအပ်သေးတယ်။" 

ဘူးသီးတောင်နဲ့ မောင်တောမြို့တို့မှာ အရပ်သားတွေကို မွတ်ဆလင်လက်နက်ကိုင်ဖြစ်တဲ့ ARSA က မကြာခဏဆိုသလို တိုက်ခိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရမှုတွေလည်း ရှိကြပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီသင်တန်းပေးထားတဲ့ မွတ်ဆလင် တွေနဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO၊ ARA တို့ ရှိနေပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောတိုက်ပွဲတွေမှာ မွတ်ဆလင်လက်နက်ကိုင်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံခဲ့ကြတာဖြစ်ပါတယ်။

မောင်တောမြို့မှာ စစ်ကောင်စီရဲ့ လက်ကျန်တပ်ဖြစ်တဲ့ နခခ ၅ ကျန်ရှိနေသေးပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013