Home
မြန်မာသတင်း
သံတွဲနှင့် ဂွမြို့နယ်တို့တွင် ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရသဖြင့် စစ်ရှောင်များ ဆန်ပြတ်လပ်
DVB
·
October 7, 2024

ရခိုင်ပြည်နယ်ထဲက သံတွဲနဲ့ ဂွမြို့နယ်ထဲမှာ စစ်ရှောင် ၂၅,၀၀၀ ဝန်းကျင်အထိရှိလာပြီး ဆေးဝါးနဲ့ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရတာနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် တချို့နေရာတွေမှာ ဆန်ပြတ်လပ်တဲ့အထိ ဖြစ်နေပြီလို့ ကူညီပေးနေသူတွေနဲ့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ရွာတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသက စစ်ရှောင်တွေဟာ ရိက္ခာပြတ်လပ်မှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရတာလို့ ဂွမြို့နယ်ထဲက စစ်ရှောင်တွေကိုကူညီနေသူက ပြောပါတယ်။

ဂွမြို့ခံ စစ်ရှောင်အရေးကူညီနေသူက “တချို့ရွာတွေဆိုရင် အစားအသောက်၊ ဆန်တွေ ဘာတွေ ရောင်းချခွင့်တောင်မှ ပိတ်ထားတယ်လေ။ လက်ရှိအချိန်ထိဆိုရင် ဆန်တအိတ်ဆို၊ ဆန်အပြည် ၂၀ တအိတ်ဆိုရင် ၃၅၀,၀၀၀ ကျော်လောက်နဲ့ ဒါတောင်မှ ပေးဝယ်လို့မရတဲ့ အခြေအနေပေါ့။ တချို့တွေဆို ဆန်ပြုတ်စား၊ တချို့တွေဆိုရင် ထမင်းမစားရတဲ့ လူမျိုးတွေတောင်မှ ခက်ခက်ခဲခဲရှိတာပေါ့” လို့ ပြောပါတယ်။

အထူးသဖြင့် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ရတနာမြိုင်နဲ့ ဂွမြို့နဲ့ ၂၅ မိုင်လောက်အကွာက ဆားချက်ရွာတွေနားက သူတွေဖြစ်ပြီး စစ်တပ်က လမ်းတွေကို ပိတ်ထားတာကြောင့် AA ထိန်းချုပ်နယ်မြေထဲကို တိမ်းရှောင်ခွင့်မရသူတွေလည်း ရှိနေကြောင်း ဆိုပါတယ်။

အကြောင်းအရာမသိဘဲ ဖမ်းဆီးခံရတဲ့ ပရဟိတအဖွဲ့ဝင်တချို့ ရှိခဲ့သလို စစ်ရှောင်ကူညီဖို့သွားတဲ့ ကားတွေကို တားဆီးပြီး ငွေကြေးတောင်းခံတာနဲ့ သတိပေးတာတွေတာကို ကြုံခဲ့ဖူးကြောင်း ကူညီနေသူက ဆက်ပြောပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ သံတွဲဘက်မှာတော့ ဆန်တအိတ်ကို ကျပ် ၁ သိန်းကျော်ကျော်ပဲ ရှိပေမဲ့ ဆေးဝါးကတော့ ဈေးကြီးနေတုန်းပဲလို့ ဒေသခံက ပြောပါတယ်။

သံတွဲဒေသခံ အမျိုးသမီးတယောက်က “အဲဒီကိစ္စက ဂွဘက်က သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပါ အစ်ကို။ ဘာကုန်ပစ္စည်းမှ ဝင်ခွင့်မပေးတာ ကြာပါပြီ၊ ဆန်ကအစပေါ့။ AA ထိန်းချုပ်ရာ နယ်မြေတွေမှာတော့ အလှူရှင်တွေနဲ့ အဆင်ပြေနေပါတယ်။ တခါတလေတော့လည်း အလှူရှင်မရောက်လို့ ဆန်ပြတ်တာတွေတော့ ရှိပါတယ်။ ဆေးတွေစျေးတက်တော့ ကျန်းမာရေးအတွက် နည်းနည်းလိုအပ်နေသေးတယ်။ ကုန်စျေးနှုန်းကတော့ စကစ ထိန်းချုပ်ထားတဲ့ ဂွဘက်ခြမ်းထက်တော့ အများကြီး လျှော့ပါတယ်” လို့ ပြောပါတယ်။

သံတွဲမြို့ကို AA သိမ်းပိုက်ပြီးပြီဆိုပေမဲ့ ကမ်းခြေပိုင်းနေသူ အများစုပါဝင်တဲ့ စစ်ရှောင်တွေဟာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လို့ ကမ်းတက်တိုက်ပွဲတွေ ဖြစ်လာမှာ စိုးတာနဲ့ စစ်သင်္ဘောကပစ်ခတ်မှာ စိုးရိမ်တာကြောင့် နေရပ်မပြန်နိုင်ကြသေးတာလို့ ဆိုပါတယ်။

သံတွဲရော၊ ဂွမြို့နယ်ဘက်မှာပါ မိုးတွင်းဖြစ်တာနဲ့ မလုံခြုံတဲ့နေရာတွေမှာ နေထိုင်ရတာကြောင့် အရေပြားရောဂါ ဖြစ်ပွားသူတွေ ရှိနေပြီး ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုးပွားလာတဲ့ စစ်ရှောင်တွေ၊ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေအပြင် အလှူရှင်တွေ နည်းပါးလာတာကြောင့် မြေပြင်မှာ စစ်ရှောင်တွေကို ကူညီနိုင်ဖို့ အခက်အခဲတွေနဲ့ ပိုကြုံလာနေရကြောင်း ဂွမြို့ခံက ပြောပါတယ်။

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024