Home
မြန်မာသတင်း
ဆီဆိုင်တွင် ရပ်ရွာအေးချမ်းစေရန် ပရိတ်နာ၊ နောင်ဝိုးတိုက်ပွဲ၌ အင်းလေး PDF ရဲဘော် ၁ ဦး ကျဆုံး 
DVB
·
October 6, 2024

DVB

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အန္တရာယ်ကင်းစေဖို့အတွက် တောင်ရှေ့ကျေးရွာအုပ်စုက ဒေသခံတွေ ပရိတ်တရားနာယူခဲ့ကြပြီး ဖယ်ခုံမြို့နယ် နောင်ဝိုး‌ကျေးရွာ တိုက်ပွဲမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တယောက် အောက်တိုဘာ ၄ ရက်နေ့က ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဆီဆိုင်မြို့နယ်က ကျေးရွာသူကျေးရွာသားတွေ စုပေါင်းပြီး အောက်တိုဘာ ပထမအပတ်ကစလို့ စစ်မီးငြိမ်းဖို့၊ ကျေးရွာတွင်းနေထိုင်သူတွေ အန္တရာယ်အမျိုးမျိုးက ကင်းဝေးဖို့ ရည်ရွယ်ပြီး ပရိတ်နာကြတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒီဘက်က ကပ်ကြီးသုံးပါးတွေ့နေရပြီ။ ရောဂါဘေး၊ စစ်ဘေး၊ အငတ်ဘေး အကုန်လုံး ဒီ ၃၊ ၄ နှစ်အတွင်းမှာ ကြုံတွေ့ခဲ့ရတယ်။ အခု ဒီဘေးကနေမှ လွတ်မြောက်အောင် ပရိတ်ရွတ်၊ တရားနာတာ ဖြစ်တယ်။ ဒါက ပအိုဝ်းဒေသဓလေ့လည်းဖြစ်တယ်။ ရောဂါဖြစ်တုန်းလည်း ပရိတ်တခါ နာသေးတယ်။ အဲဒီနောက်နိုင်ငံရေးကြောင့် ခုမှ ရွာသားတွေစုပေါင်းပြီး ပြန်လုပ်တာဖြစ်တယ်” လို့ ပြောပါတယ်။

တောင်ရှေ့ကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာ တရွာကိုတရက် ပရိတ်တရားနာနေကြတာဖြစ်ပြီး ကျေးရွာအုပ်စုထဲမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်သလို စစ်ကောင်စီကလည်း ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နောက်ထပ် ဒေသခံတယောက်ကလည်း “ခုဆို ရွာသားတွေက မရှောင်ကြတော့ဘူး။ စစ်ရှောင်ရင် အခက်အခဲက ဘယ်လိုရှိတယ်ဆိုတာ သူတို့ကိုယ်တိုင်ခံစားတွေ့ကြုံခဲ့ရတယ်။ အဲဒါကြောင့် စစ်မီး မငြိမ်းနိုင်ရင်တောင် ကိုယ်ရပ်ကိုယ့်ရွာ အေးအေးချမ်းချမ်းဖြစ်အောင်  ယုံကြည်ကြတဲ့နည်းနဲ့  ပြန်ကာကွယ်ကြတာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆီဆိုင်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာ ဆီဆိုင်မြို့မစျေးကြီး အပါအဝင် အရပ်သားနေအိမ် ၉၀၀ နီးပါး မီးလောင် ပျက်စီးခဲ့ရပြီး အရပ်သား ၅၀ ကျော် ဉပဒေမဲ့သတ်ဖြတ်ခံခဲ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် နောင်ဝိုး‌ကျေးရွာတိုက်ပွဲမှာ အင်းလေးပြည်သူ့ကာကွယ် ရေးတပ် IPDF က ရဲဘော် ကျော်ကျော်(ခ)နော်စိုင်းက အောက်တိုဘာ  ၄ ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အသက် ၃၉ နှစ်အရွယ် ကျဆုံးရဲဘော် နော်စိုင်းကို အောက်တိုဘာ ၅ ရက်နေ့မှာ ဈာပနပြုလုပ်ပေးခဲ့ပြီး ကျဆုံးခဲ့ရမှုအတွက် နှမျောတသဖြစ်ရတယ်လို့ ဆိုပါတယ်။

တပ်ရင်းပြန်ကြားရေး တာဝန်ရှိသူက “သူ အင်းထဲမှာနေခဲ့တုန်းက စစ်တပ်နဲ့ပေါင်းပြီးပြည်သူကို နည်းလမ်းပေါင်းစုံနဲ့အနိုင်ကျင့်တာတွေကိုမြင်ရကြားရပြီး အဲလို လုပ်နေသူတွေကို ကလဲ့စား ချေချင်တယ်။ သူအဖြစ်ချင်ဆုံးလို့ အမြဲပြောပါတယ်။ အသက် ၂၀ ဝန်းကျင် အရွယ် ရဲဘော်လေးတွေနဲ့အတူ သင်တန်းကို မရမက ကြိုးစားတက်ခဲ့တယ်၊ ‌‌တာဝန်ကျေပါတယ်” လို့ ပြောပါတယ်။

ကျဆုံးရဲဘော် ကျော်ကျော်(ခ) နော်စိုင်းကို အာဇာနည် သူရဲကောင်းအဖြစ် လေးစားဦးညွတ် အလေးနီပြုခဲ့တယ်လို့ သိရပြီး မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်ပြီး လက်ဆင့်ကမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်နဲ့ ကရင်နီပြည်က နေရာတချို့မှာ စစ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုးတာတွေ လုပ်နေတဲ့အတွက် ကာကွယ်ရေ‌ေတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား တာတွေရှိနေပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးရှိ‌တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013