စစ်ကောင်စီဗုံးကြဲနေတဲ့ လားရှိုးမြို့က ဒေသခံတွေဟာ တိုက်ပွဲဖြစ်လာမှာစိုးရိမ်တဲ့အတွက် မြို့ကို စွန့်ခွာနေရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်တိုက်ခိုက်ဖို့ စစ်ရေးပြင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ နေ့စဉ် အကြောင်းမရှိ ဗုံးကြဲနေတာတွေကြောင့် လားရှိုးမြို့ခံတွေဟာ ထိတ်လန့်နေကြရတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေနဲ့ ရန်ကုန်ဘက်အထိ တိမ်းရှောင်နေကြတယ်လို့ လားရှိုးမြို့ခံတွေက ဆိုပါတယ်။
လားရှိုးကနေ ရန်ကုန်ကို ရှောင်လာသူတယောက်က “အမတို့ ဘယ်လိုမှ မနေသာတော့လို့ ဒီဘက်ကို ရှောင်လာတာ။ ဘယ်နေ့ကိုယ်အိမ်ပေါ်ကို ဗုံးကျမလဲဆိုတာ မသိနိုင်ဘူးလေ။ အခုအခြေအနေက MNDAA ဘက်ကလည်း လက်လျှော့မှာမဟုတ်ဘူးလို့ သတင်းတွေ ထွက်နေတယ်။ စကစ ဘက်ကလည်း လားရှိုးကို ပြန်တိုက်ဖို့ရှိတယ်ဆိုတော့ မြေကျန်ရင်ရပါပြီ။ အသက်မသေဖို့ဘဲ ထွက်လာရတာ” လို့ ပြောပါတယ်။
လားရှိုးမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် လားရှိုးမြို့ခံတွေဟာ တစထက်တစ မြို့ကိုစွန့်ခွာနေကြပေမဲ့ မြို့ခံအများစုကတော့ တိမ်းရှောင်တာမျိုး မရှိကြသေးဘူးလို့ သိရပါတယ်။
လားရှိုးမြို့ခံတွေထဲမှာ တိမ်းရှောင်ဖို့ ငြင်းဆန်သူတွေက သက်ကြီးပိုင်းတွေ ဖြစ်တာကြောင့် သူတို့ရဲ့ မိသားစုဝင်တွေဟာ တိမ်းရှောင်ဖို့ အခက်တွေ့နေကြရတယ်လို့ လားရှို့မြို့ခံတွေက ပြောပါတယ်။
“အမေက နင်တို့သွားချင်ရင်သွား၊ ငါကတော့ သေရင်သေပါစေ မပြောင်းဘူးလို့ပြောနေတော့ ကျမတို့လည်း သူ့ကိုထားပြီးသွားလို့ အဆင်မပြေဘူး။ တဖြည်းဖြည်းနဲ့ ကုန်ဈေးနှုန်းကြီးလာတာရယ်၊ ဗုံးကြဲခံနေရတာတွေကြောင့် နေလို့ အဆင်မပြေကြတော့ဘူး” လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေက ပြည်သူတွေ အမြဲကြောက်လန့်နေစေဖို့ နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတာဖြစ်ပြီး ဇူလိုင်လကနေ ဒီနေ့အထိ လားရှိုးမြို့ကို လေကြာင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။