ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၄ ဦး သေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က အောက်တိုဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နယ်မြေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲ စုစုပေါင်း ၁၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦး၊ တပ်ခွဲမှူး ၂ ဦးနဲ့ ဒုတပ်ခွဲမှူးတဦးတို့အပါအဝင် ၇၄ ဦး သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီဘက်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။
မြတ်သဇင်