ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းတခုဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၇ ရက်မှာ ထိုးစစ်အရှိန်မြှင့်တင်ပြီးနောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံနေရတယ်လို့ စစ်ရေးအခြေအနေကို သိရှိသူတွေက ပြောပါတယ်။
မောင်တောမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ကတည်းက လေကြောင်းကနေ တရစပ် တိုက်ခိုက်နေတာဖြစ်ပြီး ဂျက်တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေနဲ့ အပြင်းအထန်ကို ခုခံနေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အာရက္ခတပ်တော်က စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက နခခ ၅ ကို အရှိန်မြှင့်ပြီး ထိုးစစ်ဆင်နေတာ။ စစ်ကောင်စီမှာက တခြားပစ်ကူတွေ မရှိတော့တာကြောင့် လေကြောင်းကိုပဲ အဓိကထားပြီး ခုခံနေတာ။ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ နှစ်ရက်လုံးကို လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တာ။ တိုက်ပွဲကတော့ ပြင်းထန်နေကြပြီးတော့ ဒီအတိုင်းဆိုရင် နခခ ၅ လည်း ဘယ်လောက်မှ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။”
စစ်ကောင်စီက စက်တင်ဘာ ၂၉ ရက်မှာ မောင်တောမြို့တွင်းရှိ အမှတ် ၂ ရပ်ကွက်ကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတပ်ရင်း ၈ ခုနဲ့ တပ်စခန်းငယ် အများအပြား ရှိတဲ့အထဲက အာရက္ခတပ်တော်က နယ်ခြားစောင့်ရဲတပ်ရင်း ၇ ခုနဲ့ တပ်စခန်းငယ် အားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားပြီ လက်ကျန် နခခ ၅ ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီသင်တန်းဆင်း ရိုဟင်ဂျာတွေ၊ လက်နက်ကိုင် ရိုဟင်ဂျာတွေဖြစ်ကြတဲ့ ARSA၊ ASO၊ ARA တို့က ပူးပေါင်းပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က ဇွန် ၁၆ ရက်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ၃ လကျော် ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။
ရခိုင်တိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ်ကျန်ရှိနေသေးတဲ့ စစ်ကောင်စီထိန်းချုပ်မြို့နယ်တွေနဲ့ တပ်စခန်းအားလုံးကို သိမ်းပိုက်သွားမယ်လို့ ကြေညာထားပါတယ်။